စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသည့် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်၏ စခန်းအခြေစိုက်ရာနေရာသို့ ယနေ့ ဇွန်လ ၂၈ ရက် ညပိုင်းတွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ညနေပိုင်းတွင် ဗိုလ်စွမ်းသူမောင်၏ ရဲဘော်အချို့သည် ကနီမြို့နယ်၊ ချောင်းမကျေးရွာဘက်၌ လမ်းမှားကာ စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် များမကြာမီ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်ရှိ ၎င်းတို့၏ စခန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ရဲဘော် ဘယ်နှစ်ယောက်ဖမ်းခံရတယ်ဆိုတာတော့ တိတိကျကျမသိရဘူး။ ဖမ်းခံရတာတော့ တကယ်ဖြစ်သွားတာ၊ သူတို့ဖမ်းခံရပြီး မကြာဘူး။ စွမ်းသူမောင်စခန်းဗုံးကြဲခံခဲ့ရတာ” ဟု မြေပြင်သတင်းရင်းမြစ်က MPAသို့ပြောသည်။
အဆိုပါ စခန်းဗုံးကြဲခံရမှု ဖြစ်ပွားခြင်းမရှိမီ ယနေ့နေ့လယ်ပိုင်းတွင် အမှတ် (၆) တပ်ရင်းမှူး ရဲဘော်ပုလဲမောင် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူဟု ယူဆရသည့် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တိုင်းစစ်ဌာန၏ ညွှန်ကြားချက်ဖြင့် ဆားလင်းကြီးအခြေစိုက် အယ်လ်ဖာစစ်ကြောင်း ခေါင်းဆောင်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့ပြင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးတစ်ခုလုံးရှိ တာဝန်ရှိသူအားလုံးကိုလည်း NUG ဘက်က ယာယီထိန်းသိမ်းထားကြောင်း သိရသည်။
ထိုသို့ ဗိုလ်စွမ်းသူမောင်နှင့် ခရိုင်ရုံးဝန်ထမ်းအားလုံးကို NUG ဘက်က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း၊ ယနေ့ည ၁၀ နာရီခွဲခန့်အထိ ဗိုလ်စွမ်းသူမောင်၏ လူမှုကွန်ရက် (Facebook Account) မှာ Active ဖြစ်ကာ မီးစိမ်းနေဆဲဖြစ်ခြင်းကြောင့် ပြည်သူများအကြား မြေပြင်အခြေအနေနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
