မုံရွာ ပလဖ စခန်းကို NUG တပ်ရင်းများ ဝင်စီး ပစ်ခတ်မှုဖြစ်ပွားပြီး မြို့နယ် တာဝန်ခံ အာကူးအပါအဝင် ခြောက်ဦးသေဆုံး

By MPA

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးရေးအဖွဲ့(ပလဖ) စခန်းကို NUG တပ်ရင်းများ ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး မြို့နယ် ပလဖတာဝန်ခံ အာကူးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စီးနင်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မုံရွာခရိုင်တပ်ရင်းများဖြစ်ကြသည့် တပ်ရင်း (၂၂)၊ (၂၃)၊ (၂၄)၊ (၂၅) နှင့် (၂၈) စသည့် တပ်ရင်း ၅ ရင်း ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“မနေ့ကညက ဖြစ်တာ၊ အောင်သာရွာမှာဖြစ်တာပါ။ ဘာကြောင့် စီးနင်းတယ်ဆိုတာတော့ သေချာမသိရဘူး။ တော်လှန်ရေးအဖွဲ့အချင်းအချင်း အခုလိုဖြစ်တာ အတော်ကို အကျဉ်းတန်ပါတယ်ဗျာ။ ကိုအာကူးကျသွားတယ်လို့ပါကြားတယ်” မုံရွာမြို့အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

စီးနင်းမှုအတွင်း မြို့နယ်ပလဖစခန်းမှ ရဲဘော် ၃ ဦး သေဆုံးခဲ့ပြီး၊ တိုက်နယ် (၄) ပလဖအချုပ်ထောင်မှ အချုပ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပလဖအဖွဲ့များကို စီးနင်းစဉ် စားသောက်ဆိုင်တစ်ခုတွင် ရောက်ရှိနေသည့် ပလဖအဖွဲ့ဝင်အချို့ကို ပစ်ခတ်စဉ် အနီးအနားတွင် ထိုင်နေသည့် အရပ်သား အမျိုးသားနှစ်ဦးပါ ကျည်ထိမှန်ကာသေဆုံးခဲ့ရကြောင်းသိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ပလဖအဖွဲ့ Facebook Page သို့ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားမှုမရှိသေးပေ။