တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား မြေပြင်ပဋိပက္ခများ ဖြေရှင်းရန် NUG နှင့် NUCC အရေးပေါ် တွေ့ဆုံဆွေးနွေး

By MPA

တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခများကို အမြန်ဆုံး ထိန်းသိမ်းညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံ၍ အရေးပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း NUCC က သတင်းထုတ်ပြန်သည်။

အဆိုပါ အရေးပေါ်အစည်းအဝေးကို ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် NUCC ကောင်စီဝင်များ တက်ရောက်ခဲ့ကြကြောင်း ဇွန်လ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သုံးနာရီနီးပါး ကြာမြင့်ခဲ့သည့် ဆွေးနွေးပွဲအတွင်း တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြားမှ မြေပြင်ပဋိပက္ခများနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် အချက်အလက် မျှဝေခြင်းများကို လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင် လုပ်ကြံခံရမှုနှင့် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဖမ်းဆီးခံရမှု ဖြစ်စဉ်များကြောင့် တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများနှင့် လုံခြုံရေးဟာကွက်များ ပေါ်ပေါက်လာခဲ့သည်။

ထိုသို့ အချင်းချင်းကြား အားနည်းချက် ဖြစ်ပေါ်နေစဉ်အတွင်း စစ်ကော်မရှင်တပ်က ဇွန်လ ၂၈ ရက် ညပိုင်းတွင် ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ရေးစခန်းတစ်ခုကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်၊ မြေပြင်တွင်လည်း ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

NUCC အနေဖြင့် NUG နှင့် မတွေ့ဆုံမီ မြေပြင်ပဋိပက္ခများ၏ အရင်းအမြစ်ကို သိရှိနိုင်ရန် မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် SRF၊ PLA၊ 96 Soldiers နှင့် စစ်ကိုင်း PDF စသည့် တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ကြိုတင်တွေ့ဆုံ မေးမြန်းခဲ့သေးသည်ဟု ယမန်နေ့ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီညှိနှိုင်းပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သတ်မှတ်ခဲ့ကြသည်ဟု သိရသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးအဖွဲ့ပေါင်း ၉၅ ဖွဲ့က အချင်းချင်းကြား သွေးထွက်သံယိုမှုများကို သင်ခန်းစာယူ၍ ဘုံရန်သူကိုသာ ဦးတည်တိုက်ခိုက်ရန်နှင့် ညီညွတ်ရေးတည်ဆောက်ရန် “ဘုံရန်သူ ဦးတည်တိုက်ရေးနဲ့ ညီညွတ်ရေးဆီသို့” အမည်ရှိ ကမ်ပိန်းတစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့က စတင်လှုံ့ဆော်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – NUCC