မြေပြင်စစ်ရေးအရှိန်အဟုန် မြင့်မားလာချိန်တွင် လိုအပ်သော အရာရှိငယ်များကို မွေးထုတ်ရန်အတွက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်မှုထမ်းဝံ့သူနှင့် စစ်တိုက်ရဲသူသာ လာရောက်လျှောက်ထားရန်ဆိုကာအမျိုးသား၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသားသစ်များကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗိုလ်လောင်းခေါ်ယူမှုတွင် ထူးခြားချက်အနေဖြင့် နိုင်ငံနှင့် ပြည်သူကို အမှန်တကယ် ချစ်မြတ်နိုးရမည့်အပြင် စစ်မြေပြင်တွင် ကိုယ်တိုင်စစ်တိုက်ရဲသူ ဖြစ်ရမည်ဟု တိတိလင်းလင်း သတ်မှတ်ထားခြင်း ဖြစ်သည်။
သင်တန်းအမျိုးအစားအလိုက် ပညာအရည်အချင်း သတ်မှတ်ချက်များအနေဖြင့် စနစ်ဟောင်း ၁၀ တန်း (သို့မဟုတ်) စနစ်သစ် ၁၂ တန်း အောင်မြင်ပြီးသူဖြစ်ပါက အသက် ၂၃ နှစ်အောက် အပျို/လူပျို ဖြစ်ရမည်ဖြစ်ပြီး၊ စနစ်ဟောင်း ၁၀ တန်း (သို့မဟုတ်) စနစ်သစ် ၁၂ တန်း ဖြေဆိုဖူးသူဖြစ်ပါက အသက် ၂၅ နှစ်အောက် လူပျို ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် လျှောက်ထားသူများသည် အိမ်ထောင်မရှိသူဖြစ်ရန်၊ အရပ်အမြင့် ၅ ပေ ၂ လက်မထက် မနိမ့်ရန်၊ ကျန်းမာရေး ကောင်းမွန်ပြီး မျက်မှန်မတပ်ဆင်ထားသူဖြစ်ရန်နှင့် အဓိကစည်းကမ်းချက်အဖြစ် မူးယစ်ဆေးဝါး လုံးဝသုံးစွဲခြင်းမရှိသူ ဖြစ်ရမည်ဟု ကန့်သတ်ထားကြောင်း KIA ၏ လူသစ်စုဆောင်းရေး သတင်းရင်းမြစ်များထံမှ သိရသည်။
KIA ဘက်က ဗိုလ်လောင်းသင်တန်းအပြင် ဗိုလ်ဖြစ်သင်တန်းဆိုပြီးလည်း အမျိုးအစား ၂ မျိုးခွဲခြား၍ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူထားသည်။
တစ်ဖက်တွင် စစ်ကော်မရှင်ဘက်ကလည်း စစ်တက္ကသိုလ် (DSA) အပါအဝင် ဗိုလ်လောင်းသင်တန်း အမျိုးမျိုးအတွက် သင်တန်းသားများကို အသည်းအသန် ခေါ်ယူနေသော်လည်း တော်လှန်ရေးအင်အားစုများဘက်သို့ လူငယ်ထု တခဲနက် ပါဝင်နေချိန်တွင် စစ်ကော်မရှင်၏ ဗိုလ်လောင်းသင်တန်းများ၌ လျှောက်ထားသူ လုံးဝမရှိသလောက် နည်းပါးနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း စစ်တပ်နှင့် နီးစပ်သူများက ဆိုသည်။
“အရင်ကတော့ ဗိုလ်လောင်းကျောင်းဆိုရင် အလုအယက် လျှောက်ကြတာပေါ့။ အခုကတော့ စစ်တပ်က ပြည်သူ့အမုန်းကြီး အမုန်းခံထားရတဲ့အပြင် ရှေ့တန်းမှာလည်း နေ့တိုင်း အတုံးအရုံး သေနေတာ မြင်နေရတော့ ဘယ်မိဘကမှ သူတို့သားသမီးကို ဗိုလ်လောင်း လွှတ်မလျှောက်ခိုင်းတော့ဘူး။ ခေါ်စာတွေသာ ထပ်ခါတလဲလဲ ထုတ်နေရတာ၊ လျှောက်တဲ့သူက မရှိသလောက်ကို ခြောက်ကပ်နေတာဗျ” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက လက်ရှိအခြေအနေကို ပြောကြားသည်။
စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ တော်လှန်ရေးအဖွဲ့များ၏ စည်းကမ်းစနစ်ကျသော ခေါ်ယူမှုများက လူငယ်ထု၏ ထောက်ခံမှုကို ရရှိနေသော်လည်း၊ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်၏ ဗိုလ်လောင်းခေါ်ယူမှုများကိုမူ လူငယ်များက မျက်ကွယ်ပြု ငြင်းပယ်နေကြသဖြင့် စစ်ကော်မရှင်၏ အနာဂတ်စစ်တပ် အရာရှိယန္တရားကြီးတစ်ခုလုံး ပြိုလဲပျက်စီးမည့် လမ်းစသို့ ဆိုက်ရောက်နေကြောင်း သိရသည်။
