ယခင်ယာဉ်တိုက်မှုတစ်ခုမှ အံ့ဖွယ်ရှင်သန်ပြီး ရဟန်းဝတ်ခဲ့သူ ၁၁ နှစ်သား ကားတိုက်မှုကြောင့် ပျံလွန်တော်မူခဲ့၍ မိခင် ကြေကွဲနေရ

ထိုင်းနိုင်ငံ၊ မုခ်ဒါဟန် (Mukdahan) ခရိုင်အတွင်း ၁၁ နှစ်သား မောင်းလာသည့် ကားဝင်တိုက်မှုအတွင်း ခွန်ကန်ခရိုင်မှ သက်တော် ၄၁ နှစ်အရွယ် ရဟန်းတော် ဖရခမ်ဆင်း (Phra Khamsing Chailert) ပျံလွန်တော်မူခဲ့ရသည့် ဖြစ်ရပ်အပေါ် ၎င်း၏မိခင်ဖြစ်သူက ရင်ကွဲမတတ် ကြေကွဲဝမ်းနည်းနေရကြောင်း သတင်းရရှိသည်။

မိခင်ဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဒေါ်ပန်ဂျာ (Panja Chailert) ၏ ပြောကြားချက်အရ သားငယ်ဖြစ်သူ ဖရခမ်ဆင်းသည် လွန်ခဲ့သောနှစ်များက ပြင်းထန်သော ယာဉ်မတော်တဆမှုတစ်ခုမှ အံ့ဩဖွယ် အသက်ရှင်ကျန်ရစ်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် အဆိုပါမတော်တဆမှုကြောင့် ခန္ဓာကိုယ်နှင့် စွမ်းဆောင်ရည်အချို့ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ဘဲ နောက်ပိုင်းတွင်မှ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ဘဝ၏ပန်းတိုင်အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖရခမ်ဆင်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဝါတွင်းကာလက သာသနာ့ဘောင်သို့ ကူးပြောင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအား စောင့်ရှောက်ပေးမည်ဟု ကတိပြုခဲ့သည့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဖရယုံးယုဒ် (Phra Yongyuth) နှင့်အတူ ဒေသအနှံ့သို့ သုဓန် (Tudong) ခေါ် တရားဒေသစာရီ ကြွချီလေ့ရှိသည်။

ယခု နောက်ဆုံးခရီးစဉ်မကြွမီက သားဖြစ်သူသည် အိမ်သို့လာရောက်နှုတ်ဆက်ခဲ့ရာ မိခင်က စိတ်ပူသဖြင့် ခရီးမကြွရန် တားမြစ်ခဲ့သော်လည်း သားဖြစ်သူက “တပည့်တော် မသေပါဘူးအမေ” ဟု နောက်ဆုံးစကား ပြန်လည်မိန့်ကြားကာ မုခ်ဒါဟန်ခရိုင်သို့ ကြွသွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် ဖရခမ်ဆင်းသည် အခြားရဟန်းသံဃာများနှင့်အတူ လမ်းလျှောက်ကြွချီနေစဉ် ၁၁ နှစ်သားမောင်းနှင်သည့် ကားက ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် အတူလိုက်ပါသွားသည့် တူတော်စပ်သူ၏ ပြောပြချက်အရ မတော်တဆမှုဖြစ်ပြီးနောက် ရဟန်းတော်သည် သွေးအလိမ်းလိမ်းဖြင့် အသက်ရှူထုတ် သုံးကြိမ်ပြုလုပ်ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အတူပါလာသည့် ဆရာတော် ဖရယုံးယုဒ်လည်း ယခုဖြစ်ရပ်တွင် ဒဏ်ရာရရှိခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်ပန်ဂျာက “သားငယ်လေး ဆုံးရှုံးလိုက်ရတာ မိသားစုအတွက် ဘယ်လိုမှ ဖြေမဆည်းနိုင်တဲ့ သောကပါပဲ။ မတော်တဆမှုဖြစ်တဲ့ ညကလည်း ဘုန်းကြီးကျောင်းက ခွေးတွေ တစ်ညလုံး အူနေကြတာ။ သားရဲ့ ဝိညာဉ်ဟာ မိဘတွေအိမ်ထက် သူပျော်မွေ့ရာ ဘုန်းကြီးကျောင်းဆီပဲ ပြန်သွားတာ ဖြစ်လိမ့်မယ်။ သားလေး ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ရင်ဖွင့်ပြောဆိုသည်။

အဆိုပါ ယာဉ်မတော်တဆမှုအတွင်း ရဟန်းတော် ဖရခမ်ဆင်းအပါအဝင် ရဟန်း ၉ ပါး ပျံလွန်ခဲ့ပြီး ၁၂ ပါး ဒဏ်ရာရခဲ့သည်။