စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ မဲဇာနှင့် နန့်သဲကျေးရွာတို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ထိုတိုက်ပွဲအတွင်း PDF ဘက်မှ လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းအချို့ လက်လွှတ်ခဲ့ရကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဝန်းကျင်ကျေးရွာများကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဇွန်လ ၂၇ ရက်တွင် နတ်မဟုတ်လေးရွာနှင့် ဆည်ရွာ၊ ဇွန်လ ၂၈ ရက်တွင် လယ်နောင်ရွာ၊ ဇွန်လ ၂၉ ရက်တွင် နတ်မဟုတ်ကြီးရွာ၊ ဇွန်လ ၃၀ ရက်တွင် သံဘိုရွာတို့ကို အဆင့်ဆင့် ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် ကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့ကိုပါ ထပ်မံစီးနင်း ခဲ့သည်ဟုဆိုသည်။
အဆိုပါ ကျေးရွာများအတွင်း နယ်မြေစိုးမိုးရန် ကြိုးပမ်းသည့် စစ်ဆင်ရေးကာလအတွင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
မဲဇာကျေးရွာနှင့် နန့်သဲကျေးရွာကို သိမ်းပိုက်ခဲ့ရာတွင် တော်လှန်ရေးဘက်မှ ရုပ်အလောင်း ၇ လောင်းနှင့်အတူ လေယာဉ်ပစ်စက်သေနတ် အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ မော်တော်ယာဉ် ၂ စီး၊ ဒရုန်းများနှင့် ဒရုန်းဗုံးသီးများ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကော်မရှင် ဝါဒဖြန့်စာမျက်နှာတွင် ဖော်ပြထားသော်လည်း စစ်တပ်သေဆုံးခဲ့မှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုကို မူ ဖော်ပြခဲ့းခြင်းမရှိပေ။
