By Khaosod News
လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်ကဟု ယူဆရသည့် အလွန်ရှားပါးသော ရှေးဟောင်းကြေးဗုံကြီးတစ်လုံးကို ရှာဖွေတွေ့ရှိပြီးနောက် နိုင်ငံတော်အနုပညာဦးစီးဌာန (Fine Arts Department) ထံ လာရောက်အပ်နှံခဲ့သည့် ထိုင်းအမျိုးသားတစ်ဦးအား အစိုးရက ဘတ်နှစ်သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနားတွင် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖနွန်ဘတ် (Phanombut Chantarachot) က အဆိုပါတန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်ကို လာရောက်အပ်နှံခဲ့သူ ခန်ထိုင်း (Khemthai Sittinasri) အား နိုင်ငံသားကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုကာ ဆုငွေများကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ဒေသအခေါ် “မိုဟူးရာတိုက် (Mohooratuek)” ဟု လူသိများသည့် အဆိုပါ ကြေးနှင့်ပြုလုပ်ထားသော ဗုံကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂,၁၀၀ မှ ၂,၇၀၀ ကြား ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းရှေးဟောင်းပစ္စည်းသည် လွန်ခဲ့သောခေတ်များက အဆင့်မြင့်မားလှသည့် သွန်းလုပ်မှုအတတ်ပညာများဖြင့် ပြုလုပ်ထားသည့်အပြင်၊ အလားတူ ရှေးဟောင်းပစ္စည်းများတွင် တွေ့ရခဲသည့် ခဲမဖြူ (Tin) ပါဝင်မှုပမာဏ အလွန်မြင့်မားစွာ ပါဝင်နေသဖြင့် သမိုင်းသုတေသနအတွက် အလွန်အရေးပါသော အထောက်အထားတစ်ခု ဖြစ်သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါကြေးဗုံသည် ထိုခေတ်အခါက ဒေသခံတို့၏ စွမ်းရည်ထက်မြက်သည့် လက်မှုအတတ်ပညာကို ထင်ဟပ်နေစေရုံမက၊ သမိုင်းမတင်မီခေတ် လူ့အဖွဲ့အစည်းများ၏ လူမှုစီးပွားအခြေအနေများကို လေ့လာရာတွင် အရေးကြီးသည့် သဲလွန်စများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ရှေးဟောင်းကြေးဗုံကို နိုင်ငံတကာစံနှုန်းများနှင့်အညီ သိပ္ပံနည်းကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး သိပ္ပံစင်တာ (Science for Conservation Centre) သို့ ပို့ဆောင်ထားကြောင်း အနုပညာဦးစီးဌာနက ဆိုသည်။
ထို့နောက် အများပြည်သူနှင့် နောင်လာနောက်သားများ လေ့လာနိုင်စေရန်အတွက် ထိုင်းနိုင်ငံ၏ အမျိုးသားအမွေအနှစ်စုဆောင်းမှုအဖြစ် ဘန်ချန်းအမျိုးသားပြတိုက် (Ban Chiang National Museum) ၌ ခင်းကျင်းပြသထားရှိမည် ဖြစ်သည်။
အနုပညာဦးစီးဌာနက ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့သော ရှေးဟောင်းပစ္စည်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို ရှာဖွေတွေ့ရှိပါက အာဏာပိုင်များထံ ချက်ချင်းသတင်းပို့ကြရန် တိုက်တွန်းထားသည်။
အဆိုပါပစ္စည်းများသည် ဥပဒေအရ နိုင်ငံတော်ပိုင်ပစ္စည်းများဖြစ်ပြီး သမိုင်းဝင်အထောက်အထားများ ဖြစ်သည့်အတွက် စနစ်တကျသတင်းပို့ခြင်းဖြင့် ရှေးဟောင်းပစ္စည်းများကို ဥပဒေနှင့်အညီ သိပ္ပံနည်းကျ ရေရှည်ထိန်းသိမ်းနိုင်ကာ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရာရောက်ကြောင်း အရာရှိများက အလေးအနက် ပြောကြားထားသည်။
ဓာတ်ပုံ – Khaosod News
