အာဆီယံအနေဖြင့် စစ်ကောင်စီနှင့် သီးခြားတွေ့ဆုံမှုကို ရပ်ပြီး ဒီမိုကရေစီအင်အားစုများနှင့် မျှခြေရှိသည့် ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆို

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားလှယ် နှင့်သာ သီးသန့်တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် မြန်မာ့ဒီမိုကရေစီနိုင်ငံရေး အင်အားစုများက အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ယနေ့(ဇူလိုင်၁၁ရက်) ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေသည့် အဖွဲ့အစည်း ပေါင်း ၂၀ က ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အာဆီယံ၏ လုပ်ဆောင်ချက်များသည် ဘုံသဘောတူညီချက် ၅ ရပ် နှင့်အညီ မျှတမှုရှိရန် လိုအပ်ကြောင်းလည်း ဆိုသည်။

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုများသည် အာဆီယံ အလှည့်ကျဥက္ကဌ သက်တမ်း အဆက် ဆက်တွင် အာဆီယံ၏ ကမ်းလှမ်းချက်များကို ရိုးသားဖြောင့်မတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အာဆီယံ အစုအဖွဲ့များအကြား အပြန်အလှန်ဆွေးနွေးပွဲ (SEM) များနှင့် အခြားသောအစည်းအဝေး များတွင်လည်း အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖော် ဆောင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး စသည့် အာဆီယံဘုံသဘောတူညီချက်ပါ အချက်အလက်များအပေါ် အခိုင်အ မာရပ်တည်ပြီး အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာခြင်းမရှိဘဲ အရပ်သားပြည်သူ များအပေါ် စစ်ရေး တိုက်ခိုက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပိတ်ဆို့မှုများကို ဆက်တိုက်ပြု လုပ်ခဲ့သည့်အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင် စစ်ကောင်စီထိန်းချုပ်ထားသော လွှတ်တော်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ရပ်ကို တရားဝင်ပယ်ချသည့် အဆိုပြုချက်တစ်ရပ်အား အတည် ပြုခဲ့ကြောင်း ထောက်ပြထားသည်။

အာဆီယံ၏ မူဘောင်ကို ဗြောင်ကျကျပယ်ချနေသည့် စစ်ကောင်စီကို အာဆီယံက ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး၊ တစ်ဖက်တွင် အာဆီယံနှင့် အပြုသဘောဆောင် ပူးပေါင်းနေသည့် ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံမှုကို လျှော့ချနေခြင်းသည် လက်ခံနိုင်ဖွယ် မရှိကြောင်း ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာကို ဘက်ပေါင်းစုံပါဝင်သည့် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်တစ် ရပ် ထွက်ပေါ်လာစေရန်အတွက် အစုအဖွဲ့တစ်ခုတည်းနှင့် ဆွေးနွေးရုံဖြင့် မအောင်မြင်နိုင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင် ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် အခြားသော ဒီမိုကရေစီအင်အားစုများအားလုံး မျှတစွာ ပါဝင်ခွင့် ရှိရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

ထို့ပြင် အာဆီယံအနေဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ကိုယ်ပိုင်ညှိနှိုင်းမှုစနစ်များကို အသိအ မှတ်ပြုသင့်ပြီး အပြင်ပန်းမှ ရွေးချယ်ဖိတ်ကြားခြင်းမျိုးသည် ဒီမိုကရေစီအင်အားစုများအကြား စိတ် ဝမ်းကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေဖြင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်၊ တန်းတူညီမျှမှုနှင့် အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးမည့် ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု’ တည်ဆောက်ရေး အတွက် အာဆီယံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက် ၌ ကတိပြုထားသည်။

ပူးတွဲထုတ်ပြန်ချက်တွင် ကျောင်းသားတပ်မတော် (ABSDF)၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ Critical Movement စစ်ကိုင်းဖိုရမ် ဖွဲ့စည်းဖြစ်မြောက်ရေး ကော်မတီ၊ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) / ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)၊ မကွေးတိုင်းတော်လှန်ရေးအဖွဲ့အစည်းများကွန်ရက်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (MSFC)၊ မြန်မာမွတ်စလင်ပေါင်းစုံဗဟုအစုအဖွဲ့ အတိုင်ပင်ခံကော်မတီ (MMMCC)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး) NMSP(AD)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ – ကြားကာလ (RCC) နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ ပါဝင်သည်။