ကျောက်မဲမြို့ ၁၀ မိုင်ခန့်အကွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ TNLA ပူးပေါင်းတပ်တွေ ခုခံမှုကြောင့် စစ်တပ်ကရှေ့ဆက်မတိုးနိုင်

ဓာတ်ပုံ-MPA
ပုံစာ- ကျောက်မဲမြို့အဝင်အားတွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ၁၀ မိုင်ခန့်အကွာတွင် စစ်ကော်မရှင်နှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့(စက်တင်ဘာ ၂၄ရက်) ညနေ ငါးနာရီထိ ကျောက်မဲမြို့နှင့် ၁၀မိုင်ခန့်အကွာ မက်မန်းကုန်သာ၊ ခိုက်တုန်ဟုန်နှင့် နားအိုက်ခန့်ကျေးရွာ အနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

“ကျောက်မဲမြို့ရဲ့ အခြေနေက မကောင်းဘူး။ မြို့အနီး ၁၀မိုင်မှာတော့ တိုက်ပွဲပြင်းထန်နေတယ်။ မြို့ထဲထိ အသံကြားနေရတယ်။ စစ်တပ်ကတော့ ရှေ့ဆက်မတိုင်းနိုင်သေးဘူး။ နေ့လယ် တစ်နာရီတုန်းက မိုင်းတင်အုပ်စုထဲက ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ လူထိခိုက်တာတော့မရှိဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်က ကျောက်မဲမြို့ကို ရွေးကောက်ပွဲကျင်းပမည့် နယ်မြေအတွင်း ထည့်သွင်းထားခြင်းကြောင့် မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ရန် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ကော်မရှင်က ဩဂုတ်လမှစတင်ကာ ကျောက်မဲမြို့ကို ထိုးစစ်ဆင်လာခြင်းကြောင့် မြို့ခံ ထောင်ကျော်ခန့်သည် စစ်ပွဲလွတ်ရာမြို့များနှင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“ ကျောက်မဲမှာတော့ လူတော်တော်လေ ပါးသွားတယ်လို့ ပြောရမယ်။ စျေးတွေတော့ ဖွင့်ပေမယ့် မနက် ၉နာရီလောက်ဆို အကုန်ပိတ်ကုန်ပြီ၊ ဒါတောင်မြို့မစျေးမှာဖွင့်တာ သိပ်မရှိဘူး။ စျေးသစ်မှာပဲဖွင့်တာ” ဟု ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကော်မရှင်က ကျောက်မဲမြို့အပြင် နောင်ချို-မိုးကုတ်မြို့ကြားရှိ ကျေးရွာများဘက်သို့လည်း စစ်ကြောင်းထိုးနေခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

“ နောင်ချိုနဲ့ မိုးကုတ်ကြားတိုက်ပွဲဖြစ်တာတော့ ကြားတယ်။ ဒါပေမဲ့ စစ်တပ်က နောင်ချိုနယ်ကနေ မိုးကုတ် နယ်ထဲရောက်သွားပြီးတဲ့နောက်မှာ နောင်ချိုကနေ ဘာအသံမှမကြားရတော့ဘူး။ ပြီးတော့ အရင်က တိုက်ပွဲဖြစ်တဲ့ နောင်ချို နယ်ထဲက တိုးပင်၊ လုံခင်နဲ့ ကျန်ခင်ရွာခံတွေလည်း ပြန်လာနေကုန်ပြီး။ တိုက်ပွဲက မိုးကုတ်နယ်ထဲ ရောက်သွားတော့ အဆက်အသွယ် မရတဲ့အတွက် အသေးစိတ်မသိတော့ဘူး”ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ မြေပြင်တိုက်ပွဲအခြေအနေနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိနိုင်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။