အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်၌ တွေ့ဆုံရန် စီစဉ်ထားမှုသည် စစ်အုပ်စု အကြမ်းဖက်မှုများအပေါ် ဆုချီးမြှင့်ရာရောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယနေ့(ဇူလိုင်၁၁ရက်)ထုတ်ပြန်လိုက်သည်။
ယင်းသို့ တွေ့ဆုံခြင်းသည် စစ်အုပ်စု အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာ ရောက်မည့်အပြင် စစ်အုပ်စု ရှင်သန်ရေးအတွက် လိုအပ်သော တရားဝင်မှု ပေးရာလည်းရောက် ကြောင်း SAC-M က ဆိုသည်။
“ဒီလို အလျှော့ပေးလိုက်ခြင်းကြောင့် အာဆီယံဟာ အရေးမပါတော့တဲ့အခြေအနေကို ရောက်ရှိဖို့ ချောက်ကမ်းပါးအစွန်းမှာ ရပ်နေပြီ”ဟု SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောသည်။
စစ်ရာဇဝတ်ကောင်ဟု စွပ်စွဲခံထားရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၅နှစ်ကျော်ကြာ အာဆီယံကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုခဲ့ကြောင်း အာဆီယံမူ၅ရပ်တွင် အားနည်းချက်များ ရှိသော်လည်း စစ်အုပ်စုကြောင့် ဖြစ်ပေါ်လာသော မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန် အာဆီ ယံနိုင်ငံများ သဘောတူညီထားသည့် တစ်ခုတည်းသော မူဘောင်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ဆို သည်။
၂၀၂၁ခုနှစ်တွင် စစ်အုပ်စုက မူ၅ရပ်ကို ဖော်ဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် မင်းအောင်လှိုင်နှင့် စစ်အုပ် စု ထိပ်တန်းတာဝန်ရှိသူများကို အာဆီယံအဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ ခြင်းသည် ချီးကျူးဖွယ်ကောင်းသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု SAC-M ကဆိုသည်။
လွန်ခဲ့သော ၂ပတ်ခန့်ကပင် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ဖမ်းဆီးခံထားရသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခံမှုအပေါ် စစ်အုပ်စုက ပယ်ချခဲ့ကြောင်း ထို့နောက် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးသည် နိုင်ငံ ရေးဆွေးနွေးပွဲများ ဖြစ်လာရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
စစ်အုပ်စုထံမှ လိုက်လျောမှု တစ်စုံတစ်ရာမျှ မရဘဲ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့ ယခုသတင်းပတ်ကုန်၌ တွေ့ဆုံမည်ဟု ကြေ ညာခဲ့ခြင်းမှာ နားမလည်နိုင်သည့် မူဝါဒပြောင်းပြန်လှန်မှုဖြစ်ကြောင်း ယခုနှစ် ဧပြီ၁၀ရက်တွင် မင်း အောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုများကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အရှိန်မြှင့်ခဲ့ကြောင်း လက်ရှိအချိန်ထိ အရပ်သားပြည်သူ ၂၂၃၇၅ဦး ကို စစ်အုပ်စုက ဖမ်းဆီးထားဆဲဖြစ်ကြောင်း SAC-M ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် လာဇာရိုအနေနှင့် ဘန်ကောက်တွေ့ဆုံပွဲကို ဖျက်သိမ်းရန် အချိန်ရှိသေးကြောင်းလည်း ဆိုသည်။
ဘန်ကောက်တွေ့ဆုံပွဲကို ဆက်လုပ်မည်ဆိုပါက အာဆီယံအနေနှင့် မြန်မာ့အရေး အပေါ် ကိုင်တွယ် ဖြေရှင်းနိုင်သည့် ကိုယ့်စွမ်းရည်ကိုယ် ယုံကြည်မှုမရှိကြောင်း မဲပေးကြေညာလိုက်သလိုပင်ဖြစ်သည် ဟု ဆို သည်။
အာဆီယံ၏ လုပ်ရပ်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် မြန်မာတရားဝင်အင်အားစုများ၏ လက်ကျန်ယုံကြည်မှုကို ဆုံးရှုံးစေမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောအစည်းအ ဝေးကို ဇူလိုင်၁၂ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည်ဖြစ်သည်။
