By Thai PBS World
မြန်မာစစ်ကော်မရှင် ခန့်အပ်ထားသော အစိုးရနှင့် အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံ၏ မူဝါဒအပြောင်းအလဲသည် မြန်မာပြည်သူများအတွက် မည်သည့်ထိရောက်သော ရလဒ်မှ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးရာ ရောက်နိုင်သည်ဟု အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က သတိပေးလိုက်သည်။
“ဒါကို တိုးတက်မှုလို့ အာဆီယံအနေနဲ့ မခေါ်ဆိုနိုင်ပါဘူး။ အခု ကျွန်မတို့ မြင်တွေ့နေရတာက သံတမန်ရေးရာ စကားလုံးလှလှလေးတွေ သုံးပြီး အာဏာရှင်စနစ်ကို သာမန်ကိစ္စတစ်ခုလို ဖြစ်အောင် လုပ်နေကြတာပါ။ ငါးနှစ်တိုင်တိုင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကို တာဝန်ခံမှုရှိအောင် မလုပ်ဆောင်နိုင်ခဲ့တဲ့အပြင် အခုဆိုရင် ၎င်းတို့ကို ဆွေးနွေးပွဲဝိုင်းမှာ နေရာပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် APHR ၏ ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်ဒ်စ်က ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မစတင်မီလေးတွင် မြန်မာ့လွှတ်တော်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အလုံးစုံ ပြန်လည်သုံးသပ်ရန် စစ်ကော်မရှင်ထံ တောင်းဆိုသည့် အဆိုပြုချက်တစ်ခုကို အတည်ပြုခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် အာဆီယံ၏ လုပ်ငန်းဘောင်ကို တိုက်ရိုက်ပယ်ချလိုက်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထို့အပြင် ဘုံသဘောတူညီချက် ၅ ချက်အပေါ် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့က လူသိရှင်ကြား ထပ်လောင်းအတည်ပြုချက်များ ပေးနေခြင်းသည် မြန်မာ့အရေးမူဝါဒအပေါ် အာဆီယံအဖွဲ့ကြီးအတွင်း စည်းလုံးညီညွတ်မှုထက် သဘောထားကွဲလွဲမှုများ ပိုမိုရှိနေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း APHR က မှတ်ချက်ပြုသည်။
အာဆီယံအနေဖြင့် သံတမန်ရေးရာ မူဝါဒများကို ပြန်လည်ပြင်ဆင်ရာတွင် အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူများ တောင်းဆိုနေသည့် တာဝန်ခံမှုနှင့် တရားမျှတမှုများကို အမေ့မခံရန် APHR က တိုက်တွန်းထားသည်။
ထို့ပြင် နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံမှု မှန်သမျှသည် ဘုံသဘောတူညီချက် ၅ ချက်ပါ ကတိကဝတ်များဖြစ်သည့် – အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပံ့ပိုးပေးရန် စသည့်အချက်များအပေါ် အခြေခံပြီး တိုင်းတာရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယခုထုတ်ပြန်ချက်သည် မြန်မာ့အရေးကို ဆွေးနွေးရန် တနင်္ဂနွေနေ့က ဘန်ကောက်မြို့တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး ပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးအတွင်း ဝန်ကြီးများက ဘုံသဘောတူညီချက် ၅ ချက်အပေါ် ဆက်လက်ရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသလို မြန်မာနိုင်ငံနှင့် “အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး” မူဝါဒကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သီးသန့်အစည်းအဝေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ အနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရရှိခဲ့သည့် ပွဲလည်း ဖြစ်သည်။
