လမိုင်းမြို့ တွင် ကျေးရွာဘောလုံးပွဲ ကြည့်နေသည့် ကျောင်းသားများအပေါ် အုတ်နံရံပြိုကျပြီး ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရ

ဓါတ်ပုံ - လူမှုကူညီရေးအသင်း
ပုံစာ- အုတ်တံတိုင်းပြိုကျပြီးနောက် ကယ်ဆယ်နေမှုမြင်ကွင်း

By Min AB/ MPA

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မော့ကနင်းကျေးရွာ(ကုန်းပေါ်ရွာသစ်)တွင် အုတ်တံတိုင်းနံရံပြိုကျမှုကြောင့် ဘောလုံးပွဲကြည့်နေသည့် ဆယ်ကျော်သက် ကျောင်းသား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (စက်တင်ဘာလ ၂၄ ရက်) ညနေ ၃ နာရီခန့်တွင် မော့ကနင်း(ကုန်းပေါ်ရွာသစ်)ဘောလုံးကွင်းတွင် ကျေးရွာဘောလုံးပြိုင်ပွဲဖွင့်ပွဲ လာရောက်ကြည့်ရှု့နေကြသည့် ကျောင်းသားများအပေါ် အုတ်တံတိုင်းနံရံပြိုကျခဲ့ခြင်း ဖြစ်သည်။

အုတ်တံတိုင်းနံရံပြိုကျမှုကြောင်း ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ ဦးပွဲချင်းသေဆုံးခဲ့ပြီး ကျောင်းသား ၃ ဦးနှင့် အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက MPA ကို ပြောသည်။

“ရွာဘောလုံးပွဲဖွင့်ပွဲလုပ်နေတုန်း ကလေးတွေက လာကြည့်တာ မိုးတအားကြီးတော့ အဲဒီအုတ်တံတိုင်းအနား မိုးသွားခိုတာ၊ အုတ်တံတိုင်းက အခမ်းအနားပွဲလုပ်ရင် ဇာတ်ပွဲစင်လို အုတ်နဲ့ အပြီးဆောက်ထားတဲ့ဟာမျိုး အဲဒါကလေးတွေအပေါ်ပြိုကျတာ” ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရှိသူများထဲမှ ၂ ဦးသည် ဒဏ်ရာပြင်းထန်နေပြီး ကျန်နှစ်ဦးသည် ဒဏ်ရာမစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

ထိခိုက်သေဆုံးခဲ့သည့် ကျောင်းသားများသည် မော့ကနင်ကုန်းပေါ်ရွာသစ်အခြေခံပညာအလယ်တန်းကျောင်းမှ အသက် ၁၃ နှစ်နှင့် ၁၄ နှစ် အရွယ်ရှိ ကျောင်းသားများဖြစ်ကြသည်။

“ဖြစ်ဖြစ်ချင်း ဆွဲကြပါတယ်၊ အသက်မမှီတော့ဘူး၊ မိုးတအားများတော့ အုတ်တံတိုင်းနံရံမြေသားက ခိုင်ခံမှုမရှိတော့ ဖြစ်သွားတာ ထင်ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ သေဆုံးသူများ၏ရုပ်အလောင်းကို ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ၎င်းတို့၏နာရေးကို မနက်ဖြန် စက်တင်ဘာလ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စာတည်း-ကိုဆန်း