ထိုင်းတက္ကသိုလ်၌ အသည်းသန်ကောင်ပိုးရောဂါ ကူးစက်ရောဂါမဟုတ်ဘဲ ငါးအစိမ်းစားခြင်းကြောင့်ဟုဆို၊ ၄ ဦးသာ ရောဂါးပိုးတွေ့ဟုဆို

ဓာတ်ပုံ - Bangkok Post

By Thai PBS

ထိုင်းနိုင်ငံ၊ ရာချ်ဖတ် မဟာစရာခမ်းတက္ကသိုလ် ကျောင်းသားများအကြား အသည်းသန်ကောင် (Liver Fluke) ကပ်ပါးပိုး ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့သော်လည်း အမှန်တကယ် ကူးစက်ခံရသူ ၄ ဦးသာရှိပြီး ကူးစက်ရောဂါအသွင် ပျံ့နှံ့နေခြင်းမဟုတ်ကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနက အတည်ပြု ထုတ်ပြန်လိုက်သည်။

ယခင်က အဆိုပါတက္ကသိုလ်ရှိ ပထမနှစ်ကျောင်းသား ၄,၃၂၂ ဦးကို ဆီးအမြန်စစ်ဆေးမှု (Rapid Urine Test) ပြုလုပ်ခဲ့ရာတွင် ပိုးတွေ့ရှိကြောင်း အဖြေထွက်ခဲ့သဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။

သို့သော် ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ကျောင်းသား ၃၀၉ ဦး၏ မစင်နမူနာများကို Kato-Katz နည်းပညာဖြင့် တိတိကျကျ ထပ်မံစစ်ဆေးခဲ့ရာ ၄ ဦးတွင်သာ အသည်းသန်ကောင်ပိုး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အခြားအူလမ်းကြောင်း ကပ်ပါးကောင် ၄ ဦး၊ တုတ်ကောင် ၅ ဦး၊ အပ်ချည်မျှင်သန်ကောင် ၂ ဦးနှင့် သန်လုံးကောင် ၁ ဦးတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကူးစက်ရောဂါဗေဒဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝီချန် ဘွန်ယာကစ်တီကွန်း (Dr. Wichan Bhunyakitikorn) က ယခုတွေ့ရှိရသည့် အသည်းသန်ကောင်ပိုး အရေအတွက်မှာ အလွန်နည်းပါးပြီး ကူးစက်ရောဂါအဆင့်သို့ ရောက်ရှိနေခြင်း မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါ ကပ်ပါးပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြင်းမရှိဘဲ ရေချိုငါးများကို အစိမ်း (သို့မဟုတ်) ကျက်အောင်မချက်ဘဲ စားသုံးခြင်းမှသာ ကူးစက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ပိုးတွေ့ရှိသူ ကျောင်းသားများသည် နေရာဒေသအသီးသီးမှ လာရောက်ကြသူများဖြစ်ပြီး ယခင်က သံသယဖြစ်ခဲ့ကြသကဲ့သို့ မဟာစရာခမ်းရှိ တက္ကသိုလ်အနီးဝန်းကျင်မှ စားသောက်ဆိုင်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်းကိုလည်း ဒေါက်တာဝီချန်က အတည်ပြုသည်။

ထိုင်းနိုင်ငံတွင် အသည်းသန်ကောင်ပိုး ကူးစက်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ ကျဆင်းလာနေပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်က စမ်းသပ်သူ ၁၆.၂ ရာခိုင်နှုန်းတွင် တွေ့ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်။

အဆိုပါ ကပ်ပါးပိုး ကူးစက်မှုအများစုကို ဖယောင်း (Phayao)၊ ဖရေး (Phrae)၊ နခွန်ဖနုံ (Nakhon Phanom)၊ မုဒဟန် (Mukdahan) နှင့် ချိုင်ယာဖွန် (Chaiyaphum) ခရိုင်များတွင် အဓိက တွေ့ရှိရလေ့ရှိကြောင်း သိရသည်။