ထားဝယ်ရှိ LPDF သံမဏိလိပ်ပြာတပ်ဖွဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ဝင်ရောက်

ဓာတ်ပုံ-NUG

By MPA

ထားဝယ်ရှိ LPDF သံမဏိလိပ်ပြာတပ်ဖွဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ဝင်ရောက်ခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၅ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တော်လှန်ရေးဆင်နွှဲရာတွင် တစ်နိုင်ငံလုံးရှိ တော်လှန်ပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့စုံကို စုစည်းခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအခါ စုဖွဲ့မှုအားလုံးကို တစ်ခုတည်းသော ကွပ်ကဲမှုယန္တရားအောက်သို့ သွတ်သွင်းကာ ပြည်သူ့တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပူးပေါင်းလာသည့် သံမဏိလိပ်ပြာတပ်ဖွဲ့သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် အခြေပြုသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ကာ၊ အဆိုပါအဖွဲ့သည် မောင်းမကန်ရဲစခန်းတိုက်ပွဲ၊ ရန်ကင်းတံတားတိုက်ပွဲ၊ ညင်းမော်ကျေးရွာတိုက်ပွဲနှင့် စစ်ပြဲစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်သည်။

ပြည်သူ့တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ဆင့်ကဲကွပ်ကဲမှုစနစ်ကို ယုံကြည်စွာ ဝင်ရောက်လာသည့် သံမဏိလိပ်ပြာအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ရှေ့ဆက်လက်၍ သံမဏိလိပ်ပြာတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၏ တပ်ခွဲတစ်ခုအဖြစ် သတ်မှတ်ချက်များနှင့်အညီ တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်မည် ဖြစ်သည်။