By MPA
အကြမ်းဖက်သမ္မတတု မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စု၏ လက်ချက်ကြောင့် ပြည်သူအပေါင်း ဆိုးရွားလှသည့် ကပ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရင်ပြင်တွင် သံအမတ်ကြီးဦးကျော် မိုးထွန်းက ဖွင့်ချခဲ့သည်။
ဇူလိုင်၁၄ရက်၊ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သော စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးဆိုင် ရာ ဆွေးနွေးပွဲတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောစဉ် ဖွင့်ချခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု၏ မတရား စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်း သည် ရာခိုင်နှုန်း၅၀ခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊တိုင်းပြည်၏ လူဦးရေ ၃ပုံ ၁ ပုံသည်လည်း အလွန်အမင်းဆိုးရွားသော အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရကြောင်း ကလေးသူငယ် တစ် သန်းကျော်လည်း ၎င်းတို့အတွက် အရေးကြီးသည့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်များနှင့် ကင်းကွာနေရကြောင်း ၆ဒဿမ၃သန်းကျော်သော ကျောင်းနေအရွယ် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များသည် ကျောင်းတက်ရောက်၍ ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း ရာခိုင်နှုန်း၄၀ ကျော်သော အိမ်ထောင်စုများ သောက်သုံးရေသန့် မရရှိကြောင်းလူငယ်လူရွယ် ၅ သိန်းခန့်သည် စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုနှင့် မလုံခြုံမှုတို့ကြောင့် ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာ တိမ်း ရှောင်ခဲ့ကြကြောင်း၊ပြည်သူ ၈,၁၀၀ ကျော်သည် စစ်အုပ်စု၏ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး၊ ၃ဒဿမ၇ သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာနေရကြောင်း သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ယခင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းနှင့် မြန်မာပြည်သူများသည် ၎င်းတို့၏ဘဝများ သာယာဝပြောနိုင်ရေးအတွက် ဦး တည်ဆောင်ရွက်ရမည့်အစား ရှင်သန်ရပ်တည်ရေးအတွက်ကိုသာ ရုန်းကန်နေရကြောင်း သံအ မတ်ကြီးက ဆိုသည်။
နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့်တစ်ပြေးညီ တိကျပြတ်သားသော ဆုံးဖြတ်ချက်များ မရှိ သဖြင့် မြန်မာနိုင်ငံတွင် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရမည့် ကြီးလေးသောအန္တရာယ်ဆိုး ဖြစ်ပေါ် လျက်ရှိကြောင်းလည်း ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့သော ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်း အားထုတ်နေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နှင့် မြန်မာပြည်သူများကို ပံ့ပိုးကူညီထောက်ခံအားပေးရန်လည်း တောင်းဆိုသည်။
