16 July 2026 By kyivpost
ယူကရိန်းနိုင်ငံအနေဖြင့် လက်ရှိတွင် တစ်နှစ်လျှင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) အစင်းရေ ၁၀ သန်း ထုတ်လုပ်လျက်ရှိပြီး၊ နိုင်ငံတကာပံ့ပိုးကူညီမှုများဖြင့် ယင်းပမာဏထက် နှစ်ဆဖြစ်သည့် အစင်းရေ ၂၀ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားလိုက်သည်။
ကိဗ်မြို့တော်တွင် ကျင်းပသည့် ယူကရိန်းနိုင်ငံတော်တည်ထောင်မှုနေ့ အထိမ်းအမှတ်အခမ်းအနား၌ သမ္မတ ဇီလန်းစကီးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိယူကရိန်း၏ ဒရုန်းထုတ်လုပ်မှု အရှိန်အဟုန်မှာ ကနဦးမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေကြောင်း ဆိုသည်။
“တစ်နှစ်ကို ဒရုန်း ၁ သန်း ထုတ်လုပ်မယ့် နိုင်ငံတော်ရဲ့ အစီအစဉ်ကို ကျွန်တော် ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာခဲ့တုန်းက ပြည်တွင်းပြည်ပမှာ သံသယဖြစ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ တစ်နှစ်ကို ဒရုန်း ၁၀ သန်း ထုတ်လုပ်နေပြီဖြစ်သလို၊ နောက်ထပ် သန်း ၂၀ အထိဖြစ်လာဖို့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု သမ္မတ ဇီလန်းစကီးက ပြောကြားသည်။
ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး မစ္စတစ်ဆလပ် ဗာနစ်ကလည်း မဟာမိတ်နိုင်ငံများထံမှ လုံလောက်သော ရန်ပုံငွေနှင့် နည်းပညာပံ့ပိုးမှုများ ရရှိပါက အနာဂတ်တွင် တစ်နှစ်လျှင် ဒရုန်းအစင်းရေ သန်း ၂၀ အထိ ထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်း နေတိုး (NATO) ပါလီမန်ညီလာခံတွင် ပြောကြားခဲ့သည်။
ယူကရိန်း၏ ကာကွယ်ရေးလုပ်ငန်းကဏ္ဍသည် အဝေးပစ်တိုက်ခိုက်ရေးနှင့် လေကြောင်းကာကွယ်ရေးစနစ်များအတွက် ဒုံးကျည် ထောင်ပေါင်းများစွာကိုပါ ထုတ်လုပ်နိုင်စွမ်းရှိနေသဖြင့် မဟာမိတ်များအနေဖြင့် ယူကရိန်း၏ စစ်ဘက်ထုတ်လုပ်ရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် ၎င်းက တိုက်တွန်းထားသည်။
ဘလွန်းဘတ် (Bloomberg) ၏ အစီရင်ခံစာခန့်မှန်းချက်များအရ ယူကရိန်းသည် ကင်မရာတပ်ဆင်ထားသည့် သာမန် FPV စစ်သုံးဒရုန်းများမှစ၍ အဝေးပစ်ဗုံးကြဲဒရုန်းများအထိ အမျိုးအစားစုံလင်စွာ ထုတ်လုပ်နေပြီး၊ လက်ရှိတွင် ကာကွယ်ရေးနည်းပညာဈေးကွက်၌ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး ပေါင်းထားသည်ထက်ပင် ပိုမိုများပြားနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။
နှိုင်းယှဉ်ချက်အရ အမေရိကန်ပြည်ထောင်စုသည် တစ်နှစ်လျှင် စစ်ဘက်သုံးဒရုန်း အစင်းရေ ၁၀၀,၀၀၀ ခန့်သာ ထုတ်လုပ်လျက်ရှိသည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖီဒိုရော့ဗ်၏ အဆိုအရ ယူကရိန်းနိုင်ငံအတွင်း ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီအရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် ၁၀ ခုသာရှိခဲ့ရာမှ လက်ရှိတွင် ၅၀၀ ကျော်အထိ တိုးပွားလာကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ စစ်ဘက်ထုတ်ကုန်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ လက်တွေ့စမ်းသပ်ပြီးသား ဖြစ်တာကြောင့် ကမ္ဘာ့ကာကွယ်ရေးနည်းပညာဈေးကွက်မှာ နေရာအခိုင်အမာရနေပါပြီ” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ယူကရိန်းနိုင်ငံ၏ ဒရုန်းနည်းပညာနှင့် ထုတ်လုပ်မှုကဏ္ဍကို ဥရောပနိုင်ငံများကပါ စိတ်ဝင်စားလျက်ရှိပြီး Skyeton နှင့် Fire Point ကဲ့သို့သော ယူကရိန်းစစ်ဘက်နည်းပညာကုမ္ပဏီများသည် ဥရောပအစိုးရများ၏ ပံ့ပိုးမှုဖြင့် စလိုဗက်ကီးယား၊ ဒိန်းမတ်နှင့် ဗြိတိန်နိုင်ငံတို့တွင် စက်ရုံများ တိုးချဲ့တည်ဆောက်နေကြသည်။
မကြာသေးမီကလည်း ယူကရိန်းသမ္မတ ဇီလန်းစကီးသည် ကိဗ်မြို့သို့ ရောက်ရှိလာသည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်းနှင့်အတူ ဥရောပသမဂ္ဂ (EU) နှင့် ပူးပေါင်းဆောင်ရွက်မည့် “ဒရုန်းဆိုင်ရာ သဘောတူညီချက်” (Drone Deal) အသစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
