ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုပါက ၂၀၁၅ ကဲ့သို့ အာဏာလက်လွှတ်ရနိုင်ဟု စစ်လော်ဘီများ စိုးရိမ်စွာသတိပေး

By MPA

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန်နှင့် ပြန်လည်လွှတ်ပေးရန် ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဖိအားပေးတောင်းဆိုမှုများအပေါ် အာဏာသိမ်းစစ်တပ်အနေဖြင့် သေချာစွာ စဉ်းစားပြင်ဆင်သင့်ကြောင်း စစ်အုပ်စုထောက်ခံသည့် လော်ဘီဖြစ်သူ နရီမိုးက သတိပေးပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား လမ်းဖွင့်ပေးခဲ့သဖြင့် ၂၀၁၅ ခုနှစ်တွင် အာဏာလက်လွှတ်ခဲ့ရသည့် ကြံ့ခိုင်ရေးအစိုးရ၏ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားလာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။

စစ်လော်ဘီ နရီမိုး၏ ရေးသားပြောဆိုချက်ကို စစ်လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ကူးယူဖော်ပြနေကြသည်။

ဩဂုတ်လဆန်းပိုင်းတွင် ပြုလုပ်မည့် ထိုင်းနိုင်ငံခရီးစဉ်နှင့် ယခုနှစ်ဝက်အတွင်း လာရောက်ရန်ရှိသည့် အာဆီယံအထူးသံတမန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်များတွင် ထိုင်းအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးကို အလေးထားဖိအားပေး တောင်းဆိုလာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ နရီမိုးက ထောက်ပြထားသည်။

စစ်အုပ်စုလော်ဘီ နရီမိုးက တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်၍ “ခက်တာက ဒေါ်စုနဲ့တွေ့ဆုံခွင့်ပြုရေးဆိုတာက နောက်ဆက်တွဲ ဖိအားတွေ အများကြီးရှိတယ်။ သေချာတာက တွေ့ခွင့်ပြုတာမျိုးနဲ့ လုံလောက်သွားတဲ့ အရာမျိုးတော့ မဟုတ်နေဘူး။ ဒီကနေ တစ်ဆင့်တက်လာမယ့် နောက်ဆက်တွဲ အခြေအနေ (လွှတ်မြောက်ရေး တောင်းဆိုလာနိုင်မှု) ကိုပါ ကြိုတင် စဉ်းစားထားရတော့မယ်” ဟု စိုးရိမ်တကြီးရေးသားပြောဆိုထားသည်။

ထို့ပြင် လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ စစ်အုပ်စုအနေဖြင့် အာဆီယံမျက်နှာစာတွင် ပြန်လည်ပါဝင်နိုင်ရေးထက် ပြည်တွင်းတည်ငြိမ်မှုကို ပိုမိုဦးစားပေး ဆုံးဖြတ်သင့်ကြောင်းနှင့် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများ၏ အရပ်သားအစိုးရလက်ထက် သင်ခန်းစာကို သတိပြုရန် ၎င်းက တိုက်တွန်းထားသည်။

“ရှေ့မှာ USDP အစိုးရလက်ထက်တုန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၂ ကြားဖြတ်မှာ NLD ကိုစတင်ပါဝင်ခွင့်ပေးရာကနေ ၂၀၁၅ မှာ အာဏာလက်လွှတ်ရတဲ့ ဖြစ်စဉ်ကလည်း ပူပူနွေးနွေးတင်ရှိနေသေးတယ်။ အများကြီး ပြင်ဆင်တွေးတောရမယ်ထင်တယ်” ဟု နရီမိုးက ဆိုသည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်အား ကူညီမှုများ ပြုလုပ်ပေးနေသည့်အပေါ် အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို လိုက်လျောရန် ဖိအားပေးသည့် သဘောမျိုး သက်ရောက်နေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို လွှတ်ပေးရုံဖြင့် မြန်မာ့နိုင်ငံရေးအဖြေရှာနိုင်မည် မဟုတ်သလို၊ အာဆီယံအဖွဲ့အတွင်း ပြန်လည်ပါဝင်ခွင့်ရရန်လည်း သေချာပေါက် အာမခံချက်မရှိနိုင်ကြောင်း စစ်အုပ်စုလော်ဘီများအကြား သုံးသပ်စိုးရိမ်မှုများ မြင့်တက်နေသည်။

ဒီမိုကရေစီအင်အားစုများ အာဏာပြန်ရလာပါက အနေအစားချောင်နေသည့် စစ်လော်ဘီများ၏ အခွင့်အရေးသည်လည်း ဆိတ်သုဉ်းသွားမည်ဖြစ်သည့်အတွက် စစ်အုပ်စိုကု ယခုကဲ့သို့ စိုးရိမ်တကြီး ထောက်ပြပြောဆိုလာကြခြင်းဖြစ်သည်။

ဓာတ်ပုံ – MPA