ရဲဝင်းဦး အတွက် စိန်ခေါ်မှု (သို့မဟုတ်) ကျောင်းတော်ကြီးသား ဝါဒ

By Sat Aung / MPA [ ဆောင်းပါး ]

ရဲဝင်းဦး တယောက် တပ်ချုပ်ရာထူး ရတာ ၃လ ပြည့်ပါပြီ။ အရပ်ဘက်စကားနဲ့ ပြောရင်တော့ အစမ်းခန့်ကာလ ကို ကျော်လာပါပြီ။ ဒါပေမဲ့၊ အခုချိန်ထိ တပ်ချုပ်ရုံးမှာ သူ့ဓာတ်ပုံမချိတ်ရသေးသလို လုပ်ပိုင်ခွင့်တွေလည်း ကန့်သတ်ခံထားရပါတယ်။

ရာထူး စရစဉ်ကတည်းက သူဟာ မဆလခေတ်က ဗိုလ်စန်းယု၊ ဗိုလ်ကျော်ထင် တို့လို အာဏာရှင် လောင်းရိပ်အောက်က ထားရာနေ တပ်ချုပ်မျိုးသာ ဖြစ်လာမယ် ဆိုတာ ထင်ရှားတာမို့ ဒီလို ဖြစ်စဉ်က သိပ်အံ့သြစရာ မဟုတ်ပါဘူး။

မင်းအောင်လှိုင် ရဲ့ သိဒ္ဓိတင်ပေးမှုကြောင့် အစဉ်အလာမရှိဘဲ ထောက်လှမ်းရေးချုပ် ကနေ တပ်ချုပ်ဖြစ်လာတဲ့ သူဟာ မင်းအောင်လှိုင် ထီးရိပ်ကိုပဲ ခိုပြီး သူ့ဆရာကို သစ္စာရှိမယ့်လူရင်းမို့ သူ့အနေနဲ့ ဒီလို အကန့်အသတ် ရှိနေတဲ့ အာဏာအပေါ် စိတ်ငြိုငြင်စရာ မရှိပါဘူး။ ရဲဝင်းဦး အတွက် အဓိက စိန်ခေါ်မှုဟာ မင်းအောင်လှိုင် အာဏာလောင်းရိပ် မဟုတ်ဘဲ စစ်တက္ကသိုလ် ထွက် ကျောင်းတော်ကြီးသား ဗိုလ်ချုပ်တွေနဲ့ အလုပ်သင် စစ်ဗိုလ်ချုပ် အင်အားစုပဲ ဖြစ်ပါတယ်။

၁၉၈၀ကျော် ခုနှစ်တွေက စပြီး စစ်တပ်ထဲမှာ တန်ခိုးထွားလာတာက စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်အုပ်စု ဖြစ်ပါတယ်။ တပ်ရဲ့ ထိပ်ပိုင်း နေရာ အသီးသီး ကို စစ်တက္ကသိုလ်ဆင်းတွေကပဲ ကြီးစိုးခဲ့တာ ၁၀စုနှစ် ၃ခု မက ကျော်လာခဲ့ပါပြီ။

တပ်ချုပ်ရာထူး ကို အပတ်စဉ် ၁၉က မင်းအောင်လှိုင်ပဲ ရဖူးသလို သူ့ရဲ့ ဆက်ခံသူကို ရွေးတဲ့ အခါမှာလည်း စစ်တက္ကသိုလ်ဆင်း တွေ ကို ကျော်ပြီး သူ့လူယုံ ဗိုလ်သင်တန်းကျောင်း ဆင်း ရဲဝင်းဦး ကို ခန့်ခဲ့တဲ့ အတွက် စစ်တက္ကသိုလ်က ကျောင်းတော်ကြီးသားတွေ အတွက် အံ့အားသင့် စရာ ဖြစ်ခဲ့တာပါ။

ဗိုလ်မင်းအောင်လှိုင် အတွက်ကတော့ တပ်အပေါ် သူ့အာဏာစက် ဆက်ဖြန့်နိုင်ရေးအတွက် အယုံကြည်ဆုံးလူကို ရွေးခဲ့တာလို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမဲ့၊ တပ်ရဲ့ ထိပ်ပိုင်းမှာ ရဲဝင်းဦး ကို ဝိုင်း‌ပတ်ထားတဲ့ တပ်ထိပ်သီး စစ်ဗိုလ်ချုပ်တွေက စစ်တက္ကသိုလ် ဆင်းတွေနဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းချည်း ဖြစ်ပါတယ်။

ဒုချုပ်နဲ့ အပတ်စဉ် ၃၅ အတူဆင်းကြတဲ့ ညှိကွပ်၊ စရဖချုပ်၊ စစ်ရေးချုပ် တို့ ဦးဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အများအပြားနဲ့ အပတ်စဉ် ၃၈ဆင်း ဗိုလ်မင်းအောင်လှိုင်ရဲ့ လူယုံ ကပစချုပ် မိုးမြင့်ဆွေ နဲ့ အလုပ်သင်ဆင်း စစ်ဗိုလ်တွေက တပ်ထိပ်ပိုင်းမှာ ရောက်နေပြီး အခိုင်အမာ ရှိနေပါတယ်။ ဒီနေရာမှာ တစ်ကျောင်းတည်းဆင်း ချင်း အထက်၊အောက်သစ္စာခံတတ်တဲ့ စစ်တက္ကသိုလ် ကျောင်းတော်ကြီးသား‌ တွေ ဒီလို စုဖွဲ့ပြီး ရှိနေတာက OTSဗိုလ်သင်တန်းဆင်း ရဲဝင်းဦး အတွက် တပ်တွင်းသစ္စာခံ နဲ့ ဩဇာတည်ဆောက်ဖို့ စိန်ခေါ်မှုကြီးကြီးမားမား ရှိပါတယ်။

စစ်တပ်ခေါင်းဆောင်တယောက်အနေနဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးအတွေ့အကြုံ နည်းပါးမှု နဲ့ သမားစဉ် ကို ကျော်လွန်ပြီး နေရာရခဲ့မှုတွေဟာ လည်း ရဲဝင်းဦး အတွက် စိန်ခေါ်မှု ပိုတိုးစေပါတယ်။ ကျော်စွာလင်း နဲ့ ကိုကိုဦး တို့ကို စစ်ရုံးမင်းသား၊ တိုက်ခိုက်ရေးအတွေ့အကြုံ မရှိလို့ လှောင်ပြောင်ကြပေမဲ့ တကယ့်တကယ် စစ်ရေးအတွေ့အကြုံနဲ့ စစ်ရုံး အုပ်ချုပ်ရေး အတွေ့အကြုံ ပိုနည်းတာက ရဲဝင်းဦးပါ။

စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဘဝကနေ စစ်ပွဲမရှိတဲ့ နတခ တိုင်းမှူး၊ အဲ့ဒီကနေ တစ်ဆင့် စရခချုပ် ဖြစ်လာတဲ့သူဟာ တော်လှန်ရေးအင်အားစုတွေ အပေါ် ရက်စက်တဲ့ စစ်ကြောရေးကြောင့်သာ နာမည် ရလာတာ ဖြစ်ပြီး စစ်ရေးမှာ ကွပ်ကဲမှု အတွေ့အကြုံ မရှိတာက သူ့ကို တပန်းရှုံးစေပါတယ်။

ဒါ့အပြင် အစဉ်အလာ ကို ကျော်ပြီး ထောက်လှမ်းရေး ကနေ တပ်ချုပ်ဖြစ်လာတဲ့ သူ့အတွက်လည်း စစ်ရုံးက တပ်မှူးကြီးတွေကြား အာဏာတည်ဆောက်ရေးမှာ အဟန့်အတားတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း သူ့ကို ရာထူး မလွှဲပြောင်းခင် စစ်တပ်နှစ်ပတ်လည်နေ့ ကန်တော့ပွဲမှာ ထိုစဉ်က ဒုချုပ် ဗိုလ်စိုးဝင်းက တပ်ခေါင်းဆောင်နေရာကို ဘယ်သူပဲတက်လာလာ စစ်တပ်ရဲ့အစဉ်အလာ ကို ဆက်ထိန်းကြရမယ် လို့ လေပြေထိုးခဲ့တာပါ။

ဒီစကားအသွားအလာ ကို ကြည့်ရင် သူ့ရဲ့ ရာထူးခန့်အပ်ခံရမှုအပေါ် တပ်တွင်းထိပ်သီးတွေကြား သဘောထားကွဲလွဲမှုများနေတာ ထင်ရှားပါတယ်။ ဒါ့အပြင် သူ့ရဲ့ တပ်ချုပ်ဘဝ နေပြည်တော်စစ်ရုံးအတွင်းက ပထမဆုံး တွေ့ဆုံပွဲမှာလည်း “ရာထူးဆိုတာ ထိုက်တဲ့ သူပဲ ရတတ်တယ်” ဆိုတာမျိုး ထည့်သွင်းပြောသွားခဲ့ဖူးပါတယ်။

ဒါဟာ စစ်တက္ကသိုလ်ထွက် စစ်ဗိုလ်ချုပ်တွေကြား သူ့ရဲ့ မလုံခြုံမှုကို လှစ်ဟ ပြနေတာလည်း ဖြစ်ပါတယ်။ ဒီ၃လအတွင်း သူသေချာ လုပ်နေတာ တစ်ခုက တပ်တွင်းစည်းရုံးရေးနဲ့ အဲ့ဒီလို ထိတွေ့မှုကနေတစ်ဆင့် သူရဲ့ တပ်ချုပ်ဖြစ်မှုကို တရားဝင်စေရေးပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း သူ့အတွက် ယုံကြည်ရမယ့် ဩဇာခံ တပ်မှူးရွေးချယ်ရေးကို ရဲဝင်းဦး တယောက် သတိကြီးကြီးထား လုပ်နေရပြီး တချို့ ရာထူးခန့်အပ်မှုတွေ (ဥပမာ စစ်ဦးစီးချုပ် လေ) ကို အခုထိ ခန့်အပ်နိုင်ခြင်းမျိုး မရှိပါဘူး။

ဒီလို ခန့်အပ်မှုတွေမှာ အမှားပေါ်ပေါက်ခဲ့ရင် သူ့အနီးနားမှာ အစုအဖွဲ့တောင့်တောင့်နဲ့ ဝိုင်းပတ်နေတဲ့ စစ်တက္ကသိုလ် ဆင်း တွေရဲ့ အမှားစောင့်နေမှုကို သူတွက်ဆမိမှာပါ။ဒါ့ကြောင့် မင်းအောင်လှိုင် ထီးရိပ်အောက်မှာ ပေးထားတဲ့ အာဏာအကန့်အသတ် နဲ့ သစ္စာရှိမှု ဆက်ပြတာကို သူ့အတွက် အကောင်းဆုံး အနေအထား အဖြစ် ရွေးချယ်နေဦးမှာပါ။