By Ko Myo/ MPA
ချောက်မြို့နယ်အတွင်း PDFရဲဘော်များကို သတ်ဖြတ်ခဲ့သော ရဲကွန်မန်ဒိုစစ်ကြောင်းအား သွေးကြွေး ဆပ် မိုင်းဆွဲ ပစ်ခတ်ခဲ့ရာ ၅ဦးသေဆုံးပြီး ၇ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ဇူလိုင်၁၅ရက်တွင် မကွေးတိုင်း၊ချောက်မြို့မှတစ်ဆင့် ဆိပ်ဖြူ-ဆောလမ်းအတိုင်း စစ်ကား၂စီးဖြင့် ဝင် ရောက်လာသော ရဲအင်အား၅၀ကျော်ကို မိုင်းဆွဲပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင်၁၆ရက်)သတင်းထုတ်ပြန်သည်။
“ကား၂စီးလာတာမှာ ဒုတိယအစီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ရဲတွေ သေတာက မိုင်း ကြောင့်ရော ကျနော်တို့ ပစ်ခတ်မှုကြောင့်ရောဗျ”ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPAသို့ပြောသည်။
မိုင်းသည် ဒုတိယစစ်ကားတည့်တည့်ကို ထိမှန်ခြင်းဖြစ်ပြီး မိုင်းဆွဲပစ်ခတ်ခြင်းခံရပြီးနောက် ရဲစစ်ကြောင်းကလည်း ပြန်လည်ပစ်ခတ်မှုရှိကာ ရှေ့တစ်မိုင်ခန့်အကွာ ဆော-ဆိပ်ဖြူလမ်းမပေါ်ရှိ ၁၀မိုင်စစ်ဆေးရေးဂိတ်မှ စစ်သားအင်အားအများအပြားဖြင့် လာကယ်ထုတ်သွားကြောင်း သိရသည်။
“ချောက်မြို့နယ်ဘက်မှာ ကျရှုံးခဲ့ရတဲ့ ကျနော်တို့ တော်လှန်ရေးရဲဘော်ရဲဘက်တွေအတွက် လက်စား ချေ သွေးကြွေးဆပ်လိုက်နိုင်တဲ့ပွဲပါဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံး၊ဒဏ်ရာရ ရဲများကို ၁၀မိုင်ဂိတ်မှ ရောက်လာသည့် စစ်ကူအင်အားဖြင့် ဆိပ်ဖြူမြို့ ပြည်သူ့ ဆေးရုံသို့ သယ်သွားပြီး ပျက်စီးသွားသောကားကိုပါ သယ်သွားကြောင်း သိရသည်။
ရဲများ သေဆုံးဒဏ်ရာရ စာရင်းကို တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖ နှင့် ပခုက္ကူခရိုင်၊အမှတ် ၄တပ်ရင်း၊ တပ်ခွဲ ၃တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးရဲများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြား အတည်မပြုနိုင်ပေ။
ယင်း ရဲကွန်မန်ဒိုစစ်ကြောင်းသည် ဇူလိုင်လ ၁၀ ရက်က ရေနံချောင်းနှင့် ချောက်မြို့နယ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မကွေခရိုင်တပ်ရင်းများမှ PDF ရဲဘော် ၂၀ ကို သတ်ဖြတ်ခဲ့သည်။
