အစိုးရတု၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို PNFC ပယ်ချ၊ နိုင်ငံတကာ စောင့်ကြည့်မှုမရှိဘဲ စစ်တပ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ဟုဆို

By MPA

အာဏာသိမ်းစစ်အုပ်စု အစိုးရတု ဖိတ်ခေါ်ထားသော မမှန်ကန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ လုံးဝတက်ရောက်မည် မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျပန်ကျိုဒိုသတင်းဌာနနှင့် အင်တာဗျူးတွင် အထက်ပါအတိုင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့သည်ဟု PNFC က ထုတ်ပြန်သည်။

“စစ်တပ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး။ လုံးဝမဖြစ်နိုင် တော့တဲ့ကိစ္စပါ” ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဂျပန်ကျိုဒိုသတင်းဌာန နှင့် အင်တာဗျူးတွင် အတိအ လင်း ပြောကြားသည်။

PNFC အပြင် အခြားသော အဓိကတော်လှန်ရေးအင်အားစု အဖွဲ့အစည်းများကလည်း စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို ပယ်ချထားကြကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းရန်အတွက် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားဝင်စေ့စပ်ပေးမှုနှင့် အာမခံချက်ရှိသော စောင့်ကြည့်မှုများ မရှိမဖြစ်လိုအပ်ကြောင်းလည်း ထောက်ပြထားသည်။

စစ်အုပ်စုသည် အရပ်သားထံ အာဏာလွှဲပြောင်းရေး ဟူသော ခေါင်းစဉ်ဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရား တရားဝင်မှုရရှိရန် ကြိုးပမ်းနေသော်လည်း မြေပြင်၌ စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပြည် တွင်းစစ်မှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားများနှင့် စစ်တပ်အကြား ဆွေးနွေးသဘောတူညီချက်များ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက စစ်တပ်ကိုယ်တိုင် ၎င်းစာချုပ်ကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆက်လက်ပြောသည်။

အာဏာသိမ်း အစိုးရတုက လာမည့် ဇူလိုင်လကုန် နောက်ဆုံးထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။