လုပ်ခလစာတောင်းဆိုသည့် Bontech စက်ရုံသမဂ္ဂခေါင်းဆောင်များကို စံချိန်တင်အလုပ်ထုတ်ပြီး သမဂ္ဂဖြိုခွဲနေ

ဓာတ်ပုံ - STUM

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အခြေခံလုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုခဲ့ပြီးနောက်ပိုင်း၊ စက်ရုံစီမံခန့်ခွဲမှုပိုင်းက အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို အကြောင်းပြချက်အမျိုးမျိုးရှာကာ စံချိန်တင်အလုပ်ထုတ်ပယ်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့မှစတင်၍ Bontech အခြေခံအလုပ်သမားသမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သူ ဦးဝေဖြိုးဦးကို ထပ်မံအလုပ်ထုတ်ကြောင်း ထုတ်စာကို ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့တွင် ယင်းစက်ရုံဘက်က ထုတ်ပြန်ကြေညာသည်။

၎င်းသည် စက်ရုံလူ့စွမ်းအားအရင်းအမြစ် (HR) ဌာန၏ တိုက်ရိုက်လက်မှတ်ဖြင့် ထုတ်ခံရခြင်းဖြစ်ပြီး ယင်းမှာ ယခုရက်ပိုင်းအတွင်း တတိယမြောက် ထုတ်ပယ်ခြင်းခံရသည့် သမဂ္ဂခေါင်းဆောင် ဖြစ်လာသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း သမဂ္ဂအဖွဲ့ဝင်များကို စက်ရုံဘက်က ဆက်တိုက်အလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှစတင်၍ အဆိုပါစက်ရုံရှိ အလုပ်သမားများက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေးကြေး ကျပ် ၁၅,၀၀၀၊ အချိန်ပို (OT) ကြေး ကျပ် ၃,၀၀၀၊ ရက်မှန်ကြေး ကျပ် ၆၀,၀၀၀၊ အပူခံကြေး ကျပ် ၃ Burners စနစ်အတွက် ကျပ် ၃၀,၀၀၀ နှင့် ဂရိတ်ကြေးများ တိုးမြှင့်ပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သို့သော် စက်ရုံစီမံခန့်ခွဲမှုအဖွဲ့နှင့် HR ဌာနတို့က အလုပ်သမားများနှင့် ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိဘဲ သမဂ္ဂအဖွဲ့ဝင်များကို ပစ်မှတ်ထားကာ လုပ်ငန်းခွင်အတွင်း အသေးအဖွဲကိစ္စရပ်များဖြင့် အပြစ်ရှာခြင်း၊ သတိပေးစာ (Warning) များတွင် အတင်းအကျပ် လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် အလုပ်သမားဥပဒေပါ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ အလုပ်ထုတ်စာများ ချက်ချင်းထုတ်ပြန်ခဲ့ကြောင်း အလုပ်သမားများက ပြောပြသည်။

အလုပ်သမားအရေး ဆောင်ရွက်သူများက Bontech စက်ရုံ၏ လုပ်ရပ်သည် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခွင့်ဆိုင်ရာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌာန်းချက်အမှတ် ၈၇ (Convention 87) နှင့် ပြည်တွင်းအလုပ်သမားအဖွဲ့အစည်းဥပဒေ အခန်း (၁၂)၊ ပုဒ်မ ၄၄(ဃ) ပါ တားမြစ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သွေးစည်းညီညွတ်သော အလုပ်သမားများသမဂ္ဂ-မြန်မာ (STU-M) ၏ တာဝန်ရှိသူတစ်ဦးက အလုပ်ရှင်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့၏ ပူးပေါင်းဖိအားပေးမှုလုပ်ရပ်သည် အလုပ်သမားထုကို ပြတ်ပြတ်သားသားစိန်ခေါ်လိုက်သည့် လုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

“ကုန်ဈေးနှုန်းဒဏ်ကြောင့် အခြေခံစားဝတ်နေရေးအတွက် လုပ်ခလစာတိုးမြှင့်ဖို့ တောင်းဆိုတာဟာ အလုပ်သမားတွေရဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို စက်ရုံဘက်က အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ဥပဒေမဲ့ စံချိန်တင်အလုပ်ထုတ်တာဟာ သမဂ္ဂကို အမြစ်ပြတ်ဖြိုခွဲဖို့ ကြိုးစားတာပဲ။ ပိုဆိုးတာက အလုပ်သမားယန္တရားက ဝန်ထမ်းတွေကိုယ်တိုင်က အလုပ်သမားတွေဘက်က မရပ်တည်ဘဲ အလုပ်ရှင်ရဲ့ ဖိနှိပ်မှုကို အားပေးကူညီနေတာဟာ လုပ်ငန်းခွင်လုံခြုံမှုကို လုံးဝပျက်စီးစေပြီး အလုပ်သမားထုအပေါ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါစက်ရုံအတွင်းရှိ နိုင်ငံခြားသားပညာရှင်များက အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခြင်းနှင့် စွက်ဖက်မှုများနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) သို့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တိုင်ကြားစာပေးပို့ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထိရောက်စွာ တားဆီးအရေးယူပေးခြင်း မရှိဘဲ ကြန့်ကြာနေသည်ဟု သိရသည်။

စက်ရုံအလုပ်ရှင်ဘက်က မြို့နယ်အလုပ်သမားဝန်ထမ်းများကို ခေါ်ယူ၍ အလုပ်သမားများကို ဖိအားပေးရန်သာ လုပ်ဆောင်နေပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့်အပေါ် ဝေဖန်မှုများ ပြင်းထန်နေသည်။

Bontech အထည်ချုပ်စက်ရုံသည် DeltaPlus (ပြင်သစ်)၊ Pioneer (ကနေဒါ)၊ GROUNDForce (ကနေဒါ)၊ CXS (ချက်သမ္မတနိုင်ငံ)၊ VIZWELL (တရုတ်/အီတလီ)၊ TROEGER (ဂျာမနီ/ဥရောပသမဂ္ဂ)၊ Singer (အမေရိကန်)၊ DE (ဥရောပသမဂ္ဂ)၊ Stongkit (အာဆီယံ) နှင့် PROFIT (ဥရောပသမဂ္ဂ) စသည့် နိုင်ငံတကာအမှတ်တံဆိပ် (Brands) ကုန်ပစ္စည်းများကို အဓိကချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်သော်လည်း ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုထားကြောင်း သိရသည်။