မင်းအောင်လှိုင်သမီး ကြိုးကိုင်မှုဖြင့် ဒေါ်လာ၄၈သန်းတန် ရွှေများ ပြည်ပသို့ ရောင်းချရန် ကြိုးပမ်းခဲ့ ဟု JFM ဆို

By MPA

တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီး လအနည်းငယ်အကြာတွင် စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် ကွန်ရက်တစ်ခုက အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်တန်ဖိုးရှိ ရွှေကီလိုဂရမ် ၈၀၀ ကို ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတစ်ဆင့် ရောင်းချရန် ကြိုးပမ်းခဲ့ပြီး ယင်းအစီအစဉ်ကို မင်း အောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ကြိုးကိုင်ခဲ့ကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်လိုက်သည်။

Justice For Myanmar က ရရှိထားသော စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှု စာလွှာများနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုများအပေါ် အခြေခံကာ ယင်းရွှေခဝါချမှုအစီအ စဉ်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုကွန်ရက်သည် ယင်းရွှေများကို လာအိုစီးပွားရေးလုပ်ငန်းစုကြီး AIF Group ၏ လက်အောက် ခံ ကုမ္ပဏီတစ်ခုထံသို့ ရောင်းချရန်နှင့် ငွေပေးချေမှုများကို တစ်စိတ်တစ်ပိုင်း အစိုးရပိုင်ဖြစ်သော BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။

မင်းအောင်လှိုင်မိသားစု၏ အနီးကပ်မိတ်ဖက်နှင့် စစ်လက်နက်ပွဲစားဖြစ်သူ ထွန်းမင်းလတ်သည် ထိုစဉ်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ၎င်း၏စီးပွားရေးမိတ်ဖက် ဥပကစ်ပါချာရီယန်ကွန်း နှင့်အတူ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ စာရွက်စာတမ်းများတွင် အပြီးသတ်ရောင်းချသူအဖြစ် ဖော်ပြ ထားသည့် ထိုင်းကုမ္ပဏီတစ်ခုမှတစ်ဆင့် ရွှေရောင်းချရေးကို စီစဉ်ခဲ့ကြကြောင်း ၎င်းတို့နှစ်ဦးကြား ဆက်သွယ်ပြောဆိုမှုများတွင် ရွှေ ကီလိုဂရမ်၂၀၀ကို ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုများ ပါဝင်သော်လည်း Justice For Myanmar အနေဖြင့် အဆိုပါရွှေများ အမှန်တကယ် လက်ပြောင်း လက်လွှဲ ဖြစ်ခဲ့ခြင်း ရှိ၊မရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိကြောင်း ဆိုသည်။

AIF Group နှင့် ဆောင်ရွက်ရန် စီစဉ်ထားသော ယင်းအရောင်းအဝယ်သည် ငွေကြေးအာမခံချက်များ နှင့် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်မှု အစီအစဉ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်။

မင်းအောင်လှိုင်သည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများက လုပ် ဆောင်နေသည့် မြန်မာနိုင်ငံ၏ ရွှေသယံဇာတများကို ခေါင်းပုံဖြတ်ထုတ်ယူခြင်းမှတစ်ဆင့်လည်း ကိုယ်ကျိုးစီးပွား ရှာဖွေလျက်ရှိကြောင်း JFM က ဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုက ရာဇဝတ် စီးပွား ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ JFM က ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ ရွှေခဝါချဖို့ ကြိုးပမ်းမှု အကြံအ စည်အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် မြင့်တက်လာမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။စစ်အုပ်စု ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်လုပ်ငန်းတွေက သူတို့ ဟာ အစိုးရတစ်ရပ် မဟုတ်ကြောင်း နဲ့ သူတို့ကို မှားယွင်းတဲ့ တရားဝင်မှုကို ပေးအပ်လို့ မရကြောင်း ကို ပြသနေပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအပါအဝင် အခြားသော ဒေသတွင်းအစိုးရများအနေနှင့် စစ်အုပ်စု ကျူးလွန်နေသော ရာဇ ဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး သေချာစွာလုပ်ဆောင်ပေးရန်နှင့် အမေရိကန်ပြည် ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ စစ်အုပ်စုနှင့် ၎င်းတို့၏ခရိုနီများ အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးချဲ့ချမှတ်မှု အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း မရတနာမောင်က ဆက်လက်ပြောသည်။

စစ်အုပ်စုသည် ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် လောင်းကစား လုပ်ငန်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်ကြီး၏ ဗဟိုချက်တွင် ရှိနေပြီး အဆိုပါရာ ဇဝတ်မှုများသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေကာ ဒေသ တွင်းနိုင်ငံများ၏ လုံခြုံရေးကိုလည်း ခြိမ်းခြောက်လျက်ရှိကြောင်း JFM က ဆိုသည်။

ဓာတ်ပုံ-JFM