PDF နယ်မြေများအတွင်း စစ်တပ်က ရဲထောက်လှမ်းရေး အမျိုးသမီးနှင့် စစ်မှုထမ်း သင်တန်းသားများကို သူလျှိုအဖြစ် အသုံးပြုလာ

ဓာတ်ပုံ-Asia Tiger ပုံစာ-ဖမ်းဆီးရမိထားသည့် သူလျှိုများအားတွေ့ရစဉ်

တော်လှန်ရေးနယ်မြေများအား ထိုးဖောက်ဝင်ရောက်ရန်အတွက် စစ်ကော်မရှင်သည် နည်းလမ်းမျိုးစုံကို အသုံးပြုလျက်ရှိရာ၊ အဓိကအားဖြင့် အမျိုးသမီးသူလျှိုများ အသုံးပြုခြင်းနှင့် ပေါ်တာဆွဲခံထားရသူများကို အကျပ်ကိုင်စေလွှတ်ခြင်းဟူ၍ ကဏ္ဍနှစ်ရပ်ဖြင့် လုပ်ဆောင်နေကြောင်း PDF Brothers ရန်ကုန်တပ်ရင်းမှ Asia Tiger က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် နယ်မြေအတွင်းရှိ စခန်းတည်နေရာများကို စုံစမ်းရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပြိုကွဲစေရန် အမျိုးသမီးသူလျှိုများကို အသုံးပြု၍ စနစ်တကျ သွေးခွဲသပ်လျှိုမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်တွင်း၌ ရဲဘော်အများစုသည် အမျိုးသားများဖြစ်ကြသည့်အတွက် အမျိုးသမီးသူလျှိုတစ်ဦးအနေဖြင့် အလွယ်တကူ သွေးခွဲခြင်း၊ ပဋိပက္ခများ ဖန်တီးခြင်းနှင့် အရာရှိများအကြား သွေးထိုးစကားများ ပြောဆိုခြင်းတို့ကို အခွင့်ကောင်းယူ လုပ်ဆောင်နေကြသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် KTV ကဲ့သို့သော နေရာများတွင် မူးယစ်ဆေးဝါးများဖြင့် ထောင်ချောက်ဆင်ကာ သတင်းပေးအဖြစ် မွေးမြူထားခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ချစ်သူရည်းစားအသွင်ဖြင့် ရဲဘော်များကို အယုံသွင်းခေါ်ဆောင်ခြင်းများလည်း ရှိနေသည်။

အထူးသဖြင့် မကြာသေးမီက PDF တပ်ဖွဲ့ထဲသို့ ဝင်ရောက်လိုကြောင်း ဆက်သွယ်လာသူ အမျိုးသမီးတစ်ဦးကို သံသယဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ရဲထောက်လှမ်းရေးထံမှ တိုက်ရိုက်စေလွှတ်ထားခြင်းဖြစ်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ တွေ့ရှိခဲ့ရသည်ဟု Asia Tiger ကဆိုသည်။

ထို့ကြောင့် ရဲဘော်များအနေဖြင့် တပ်လှုပ်ရှားမှုများ၊ စခန်းတည်နေရာများကို မည်မျှပင် ချစ်ခင်မြတ်နိုးရသူဖြစ်စေကာမူ အသိပေးခြင်းမျိုး မပြုလုပ်ရန်နှင့် KTV ကဲ့သို့သော အန္တရာယ်ရှိသည့် နေရာများသို့ မသွားရောက်ရန် ၎င်းက သတိပေးထားသည်။

ထို့ပြင် စစ်ကော်မရှင်က ပေါ်တာဆွဲခံရသည့် လူငယ်များကို အကျပ်ကိုင်၍ သူလျှိုအဖြစ် စေလွှတ်နေသည့် အန္တရာယ်မှာလည်း စိုးရိမ်ဖွယ်ရာ ရှိနေသည်။

ညဘက်အလုပ်မှ ပြန်လာသူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ” စစ်မှုထမ်းမည်လား၊ တော်လှန်ရေးနယ်မြေထဲတွင် သင်တန်းကွင်းနေရာများ စုံစမ်းပေးမည်လား” ဟု အကျပ်ကိုင်ကာ စေလွှတ်နေသည်ဟု ၎င်းက ရေးသာထားသည်။

အဆိုပါ သူလျှိုများသည် အချင်းချင်း မသိကြသော်လည်း စကားဝှက်များဖြင့် ချိတ်ဆက်ထားပြီး အချို့မှာ အရာရှိများရှိရာနေရာကို ဖောက်ခွဲရန်အထိ အမိန့်ပေးခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ပြည်တွင်း၌ ငွေကြေးပေးဆောင်ကာ ရှောင်တိမ်းနေခြင်းသည် ရေရှည်အတွက် အဖြေမဟုတ်ဘဲ၊ အာဏာရှင်များ၏ အကြောက်တရားကို အမြတ်ထုတ်သည့် လုပ်ရပ်တွင် သိုးခြံထဲမှ သိုးများကဲ့သို့ အလှည့်ကျ အစားခံရမည့် ဘဝသို့ ရောက်ရှိသွားနိုင်ကြောင်း Asia Tiger က ထောက်ပြထားသည်။

ဖိနပ်တိုက်သည့် ကလေးပင် သမ္မတဖြစ်နိုင်သည့် ခေတ်ကာလတွင် ပညာတတ်လူငယ်များအနေဖြင့် ရှောင်ဖယ်နေမည်ဆိုပါက ရွှေပြည်တော်ကြီးမှာ မျှော်တိုင်းဝေးနေမည်သာဖြစ်ကြောင်း ရဲဘော်များအနေဖြင့် တပ်တွင်းစည်းကမ်းကို တင်းကျပ်စွာ လိုက်နာရန်နှင့် လူငယ်များအားလုံးလည်း အကြောက်တရားကို ကျော်လွှားကာ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ရန် လိုအပ်ကြောင်း Asia Tiger က တိုက်တွန်းထားသည်။