လှိုင်၊ လေးဖြူရှိုးပွဲမှအပြန်တွင် ပေါ်တာဆွဲရန် စစ်အုပ်စု စီစဉ်

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ဘာတာမှတ်တိုင်၊ လှိုင်မီးသတ်နှင့် မျက်နှာချင်းဆိုင်ရှိ iFour-Hlaing ဘားတွင် ယနေ့ညပြုလုပ်မည့် လေးဖြူ ရှိုးပွဲ မှ အပြန်၌ ပေါ်တာဆွဲရန် စီစဉ်ထားကြောင်း ဒေသတွင်း အုပ်ချုပ်ရေးနှင့် နီးစပ်သူများထံက သိရသည်။

လှိုင်မြို့နယ်၊ဘာတာထိပ်၊ အင်းစိန်လမ်းမပေါ်ရှိ iFour-Hlaing ဘားတွင် ယနေ့(ဇူလိုင်၁၇ရက်)ည၌ အဆိုတော်လေးဖြူ တစ်ကိုယ်တော် သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ယင်းရှိုးပွဲအပြီး၌ ပေါ်တာဆွဲရန် ထိုအနီးနား ရပ်ကွက် ၃ ခုမှ အုပ်ချုပ်ရေးမှူး၊ပျူစောထီးနှင့် လှိုင်ရဲတို့က စီစဉ်ထားကြောင်း ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရ သည်။

“ဒီည လေးဖြူပွဲကို ကျနော်တို့ ၇ရပ်ကွက်ထဲက ကောင်လေးတွေ သွားမယ်ဆိုပြီး ပြောနေတော့ အုပ်ကြီးတို့ ရဲတို့နဲ့ ပတ်သက်တဲ့တစ်ယောက်က ရှိုးပွဲကအပြန်မှာ စစ်သားကြီးဖြစ်သွားမယ်လို့ သတိပေးတယ်။ထပ်စုံစမ်းကြည့်လိုက်တော့ iFour ဝန်းကျင်မှာနေတဲ့လူတွေ ပွဲပြီးလို့ ရပ်ကွက်ထဲ ပြန်ဝင်တဲ့အချိန် ပေါ်တာဆွဲဖို့ ပြင်ထားတာ သိရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

iFour-Hlaing မှာ ပေါ်တာဆွဲရာတွင် နာမည်ကြီးသည့် လှိုင် ၁၃ ရပ်ကွက် အုပ်ကြီး ဇော်ထူး အပိုင် ထဲ၌ရှိပြီး မကြာသေးမီရက်ပိုင်းက ၁၃ ရပ်ကွက်ထဲ ကုန်စိမ်းရောင်းသည့် စစ်ရှောင်အညာသား တစ်ဦးကို စစ်မှုထမ်းထဲ ပါသည်ဆိုကာ ဖမ်းဆီးပြီး စစ်တပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို iFour-Hlaing မှာ အနီးဝန်းကျင်ရပ်ကွက်များအတွင်းရှိ ငွေသုံးနိုင်သော လောင်းကစားသမားများ နှင့် မူးယစ်ဆေးရောင်းသူတို့ ထိုင်လေ့ရှိပြီး မူးယစ်ဆေးအရောင်းအဝယ်နှင့် ကြေးကြီး ဒိတ်ဂဲလ်များ၊ ပြည့်တန်ဆာများ အထိုင်ချရာဆိုင်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မှာ ပေါ်တာဆွဲတယ်ဆိုတာက ကားနဲ့သွားလာနေသူတွေကို ဆွဲတာမျိုး မရှိဘူး။ လမ်း လျှောက်သွားနေတာတို့၊စက်ဘီးစီးနေတာတို့ အဲဒီလို လူငယ်တွေအဆွဲခံရတယ်။ရပ်ကွက်တွေထဲမှာ ဆိုရင် ညဘက် လမ်းဘေးထိုင်နေတာမျိုး၊ညဘက် ရပ်ကွက်ထဲ လမ်းလျှောက်သွားနေတာမျိုးတွေ အဓိက အဆွဲခံနေရတာ”ဟု ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်၁၀ရက်၊နံနက်၅နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊တံတားကြီးရပ်ကွက်နေ အသက် ၂၃နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသား၃ဦးတို့ ဈေးရောင်းရန် နေအိမ်မှ ထွက်လာစဉ် ဃ ရပ်ကွက် ရာအိမ်မှူးအဖွဲ့က စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Networkက ထုတ်ပြန်ထားသည်။