ဥပဒေမဲ့ ငွေညှစ်စခန်းဖြစ်လာသည့် ရန်ကုန်လေဆိပ်နှင့် ယူနီဖောင်းဝတ် ဝန်ထမ်းများ၏ ရုပ်ပျက်ဆင်းပျက် တောင်းရမ်းမှု ပိုဆိုးလာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများနှင့် ယူနီဖောင်းဝတ်များက ခရီးသွားများထံမှ အကြောင်းပြချက်မျိုးစုံဖြင့် နည်းလမ်းပေါင်းစုံ သုံးကာ အတင်းအဓမ္မ ငွေညှစ်တောင်းခံမှုများ ယခင်ကထက် ပိုမိုဆိုးရွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်က ပြည်ပထွက်ခွာခွင့်များ၊ သွင်းကုန်ပို့ကုန်နှင့် လေကြောင်းကုန်စည်ပို့ဆောင်ရေး (Air Cargo) လုပ်ငန်းများကို စိစစ်ပိတ်ပင် တင်းကျပ်လိုက်ပြီးနောက်ပိုင်း ပြည်ပမှ အလည်အပတ်နှင့် အလုပ်လုပ်ပြီး ပြန်လာကြသည့် မြန်မာနိုင်ငံသားများကို အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် တာဝန်ကျရဲဝန်ထမ်းများက လေဆိပ်အတွင်း၌ ပစ်မှတ်ထား ဖိနှိပ်ငွေညှစ်နေခြင်း ဖြစ်သည်။

စစ်ဆေးရေးဂိတ်ထွက်ပေါက်များတွင် ခရီးသည်များ သယ်ဆောင်လာသည့် အထုပ်အပိုးများမှာ သတ်မှတ်ထားသည့် ကီလိုအတိုင်း တရားဝင်ပါရှိလာသော်လည်း မတရားငွေတောင်းခံနေပြီး၊ မပေးပါက ခြိမ်းခြောက်ခြင်းနှင့် ပါလာသည့် ပစ္စည်းအချို့ကို သိမ်းယူခြင်းများ ပြုလုပ်နေသည်ဟု ကြုံတွေ့ခဲ့သူများက ဆိုသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်လာသူ ခရီးသည်တစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့် ရုပ်ပျက်ဆင်းပျက် အခြေအနေကို ယခုလို ဖွင့်ဟသည်။

“အဲ့ထဲက ရဲဝတ်စုံနဲ့ဟာတွေ တော်တော်ဆိုးတာ၊ အရမ်းရုပ်ပျက်ဆင်းပျက်ဖြစ်လာတာ။ အရင်ကတည်းကလည်း တောင်းတယ်ဆိုတာသိတယ်။ အခုဟာက ဘာမှ သယ်တာလည်းမဟုတ်၊ အထုပ်ဆိုတာလည်း တရားဝင်သတ်မှတ်ထားတဲ့ ကီလိုအတိုင်း ပါလာတာ။ အဲ့ဒါကို တွေ့သမျှ ရဲက ‘လာဦး’ ဆိုပြီး ဘယ်ကပြန်လာတာလဲ၊ ‘နည်းနည်းပါးပါး ပေးခဲ့ဦး’ ဆိုပြီး မပေးမချင်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေတာ။ အတင်းတွေ လိုက်ခေါ်ပြီး တောင်းတာမျိုးလည်း ကြုံခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လေဆိပ်အတွင်း အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦး၏ အဆိုအရ ဝန်ထမ်းများတွင် မိမိတို့လုပ်ပိုင်ခွင့် ဧရိယာ သတ်မှတ်ချက်ရှိသော်လည်း လက်ရှိတွင် ယူနီဖောင်းဝတ်ထားသူ အားလုံးနီးပါးက ၎င်းတို့နားလည်မှုဖြင့်သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဂရုမစိုက်ဘဲ နေရာစုံ ဝင်ရောက်ငွေညှစ်နေကြကြောင်း ပြောဆိုသည်။

“အမှန်ဆို ဝန်ထမ်းတွေမှာ သူအပိုင်းနဲ့သူ လုပ်ရမှာ မလုပ်ရမှာ ရှိပြီးသား။ တချို့ အဲ့မှာ တာဝန်ကျနေတဲ့ ရဲတွေက ခေါ်ပြီး ပစ္စည်းစစ်စရာမလိုဘူး၊ သူ့တာဝန်က အဲ့ဒါမဟုတ်ဘူး။ အကောက်ခွန် (Custom) မိတဲ့ပစ္စည်းဆို အကောက်ခွန်ထဲဝင် ညှိပြီး ငွေပေး၊ ပြန်ထွက်ပြီးပြီ။ အခုဟာက အဲ့လိုမဟုတ်ဘူး၊ အပြင်မှာ ရှိသမျှ ယူနီဖောင်းဝတ်တွေ အကုန်လုံးက လိုက်တောင်းတာ” ဟု အဆိုပါလေဆိပ်ဝန်ထမ်းက ပြောသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စု၏ လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအပေါ် ပိတ်ပင်ကန့်သတ်မှုများကြောင့် ပြည်တွင်း၌ လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေကာ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။

လေကြောင်းမှတစ်ဆင့် ဆေးဝါးနှင့် ကုန်ပစ္စည်းများ သယ်ယူရာတွင်လည်း လေဆိပ်ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် ငွေညှစ်မှုစရိတ်များ အဆမတန် ကြီးမြင့်လာခြင်းကြောင့် ကုန်သည်များပါ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အာဏာပိုင်များဘက်က လေဆိပ်ဝန်ဆောင်မှုများအတွက် မည်သည့်ဝန်ထမ်းကိုမျှ အပိုထပ်ဆောင်း အခကြေးငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းမပြုရန် စာရွက်ပေါ်တွင် တရားဝင် ထုတ်ပြန်ကြေညာထားသော်လည်း၊ မြေပြင်တွင် ဥပဒေမဲ့ ဓားပြတိုက်သကဲ့သို့ ငွေညှစ်နေသည့် ယူနီဖောင်းဝတ် ဝန်ထမ်းများကို တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူခြင်း မရှိသည့်အပေါ် အများပြည်သူအကြား ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။