၇၉ မြောက် အာဇာနည်နေ့တွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း နိုင်ငံတကာသံရုံးများ ထုတ်ပြန်

By MPA

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာနိုင်ငံရှိ ယူကေ (ဗြိတိသျှ)၊ နယူးဇီလန် နှင့် ဂျာမနီ သံရုံးများက သဝဏ်လွှာများ အသီးသီးထုတ်ပြန်ကာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ဒီမိုကရေစီရေးအတွက် အသက်ပေးဆပ်ခဲ့ကြသူများကို လေးစားဂုဏ်ပြုကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး၏ ထုတ်ပြန်ချက်တွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင် (၉) ဦးအား မြန်မာပြည်သူပြည်သားများနှင့်အတူ ထပ်တူထပ်မျှ လေးစားဂုဏ်ပြုကြောင်း ကြေညာခဲ့သလို ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို ဖော်ဆောင်ရန် ကြိုးပမ်းရင်း အသက်ပေးဆပ်ခဲ့ကြသူများအားလုံးကို အောက်မေ့ သတိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယူကေအစိုးရအနေဖြင့် ငြိမ်းချမ်းပြီး လွတ်လပ်သော ဒီမိုကရေစီအနာဂတ်တစ်ရပ်ကို မျှော်မှန်း တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူပြည်သားများနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုထားသည်။

ယင်းအပြင် နယူးဇီလန်သံရုံးကလည်း မြန်မာ့သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်သော အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားအာဇာနည် ရှစ်ဦးတို့အား လေးလေးနက်နက် အမှတ်ရလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

လုပ်ကြံခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူ့အသက်ကို သတ်ဖြတ်ခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရန်အတွက် မည်သည့်အခါမျှ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့်သာ တည်ဆောက်နိုင်ကြောင်း နယူးဇီလန်သံရုံးက သတိပေးထားသည်။

ယင်းအပြင် အဆိုပါ အမျိုးသားခေါင်းဆောင်ကြီးများကိုသာမကဘဲ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် မိမိတို့လူမျိုးများ၏ အခွင့်အရေးများအတွက် ကြိုးပမ်းရင်း အသက်ပေးခဲ့ကြသော မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးအားလုံးကိုလည်း လေးစားစွာ ဂုဏ်ပြုအောက်မေ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဆက်လက်ပြီး ဂျာမနီသံရုံးကလည်း ယနေ့ ကျရောက်သော အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝက်ဝံရုပ်ပုံရိပ်နှင့်အတူ သဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွက် လွတ်လပ်ရေး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည့် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂျာမနီသံရုံး ထုတ်ပြန်ချက်တွင် ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရနေရုံသာမကဘဲ၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာစေရန်အတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိကြောင်း သတင်းစကားပါးခဲ့သည်။

နိုင်ငံတကာသံရုံးများ၏ ယနေ့ထုတ်ပြန်ချက်များသည် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာ၏ ထောက်ခံမှုနှင့် စာနာနားလည်မှုများကို ထပ်မံပြသလိုက်ခြင်းလည်း ဖြစ်သည်။