စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိရာ စစ်ကော်မရှင်တပ်များ စခန်းချသွားခဲ့သည့် နောင်မိုးရွာ၌ ရေသန့်ဘူးများတွင် ဆိပ်ခပ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
စကမ (၃၃) လက်အောက်ခံ ခလရ (၇၆) တပ်ဖွဲ့ဝင်များ နေထိုင်သွားခဲ့သည့် နောင်မိုးရွာသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၁၈ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ပြီး၊ ၁၉ ရက်နေ့၌ ရွာအတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ချန်ရစ်ထားခဲ့သည့် ရေသန့်ဘူးများအား တွေ့ရှိခဲ့ရာ၊ ရေဆာနေသည့် ကြောင်လေးတစ်ကောင်ကို စမ်းသပ်တိုက်ကျွေးကြည့်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါကြောင်လေးမှာ အဆိပ်သင့်သည့် လက္ခဏာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အင်းတော်မြို့သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဧပြီလ ၃၀ ရက်နေ့တွင် စစ်ကော်မရှင်တပ်များက စစ်မှုထမ်းတပ်သား အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ မြို့ကို ပြန်လည်ထိန်းချုပ်သွားခဲ့သည်။
လက်ရှိတွင် အင်းတော်မြို့ပေါ်၌ စစ်ကော်မရှင်တပ်များ တပ်စွဲထားသော်လည်း အနီးအနားရှိ ကျေးရွာများတွင်မူ တော်လှန်ရေးတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
စစ်ကော်မရှင်တပ်များ ဆုတ်ခွာသွားသည့် နေရာများတွင် မိုင်းထောင်ခြင်း၊ အဆိပ်သင့်စေနိုင်သည့် အစား အသောက်နှင့် ရေသန့်ဘူးများ ချန်ထားခဲ့ခြင်းများသည် ဒေသခံပြည်သူများနှင့် တိရစ္ဆာန်များအတွက် အန္တရာယ်ကြီးမားလျက်ရှိသည်။
