By MPA
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် တပ်ဖွဲ့၏ စုဖွဲ့မှုကို ပိုမိုကျစ်လစ်မာလာစေရန်နှင့် စစ်တပ်ကို တည်ဆောက်နိုင်ရေးအတွက် စစ်ဒေသများအဖြစ် ပြောင်းလဲဖွဲ့စည်းသည့် လုပ်ငန်းစဉ်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အရ ယခင်ဖွဲ့စည်းခဲ့သော စစ်ဗျူဟာများနှင့် တပ်ရင်းများကို ပြန်လည်စုပေါင်းစည်ရုံးခဲ့ပြီး ကနဦးပိုင်းတွင် စစ်ဒေသအမှတ် (၁) ကို ဦးစီးဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ထပ်မံတိုးချဲ့ဖွဲ့စည်းမှုအနေဖြင့် စစ်ဗျူဟာအမှတ် (၄)၊ (၅) နှင့် (၇) လက်အောက်ရှိ တပ်ရင်း (၈) ရင်းကို ပေါင်းစည်းကာ တပ်ရင်း ၃ ရင်းပါဝင်သည့် ကရင်နီပြည် ကာကွယ်ရေးတပ် အမှတ် (၂) စစ်ဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထို့အတူ စစ်ဗျူဟာအမှတ် (၂) နှင့် (၇) လက်အောက်ရှိ တပ်ရင်း (၇) ရင်းကို ပေါင်းစည်း၍ တပ်ရင်း ၃ ရင်းပါဝင်သည့် စစ်ဒေသအမှတ် (၃) ကိုလည်းကောင်း၊ စစ်ဗျူဟာအမှတ် (၆)၊ (၃) နှင့် (၅) လက်အောက်ရှိ တပ်ရင်း (၅) ရင်းကို ပေါင်းစည်း၍ တပ်ရင်း ၃ ရင်းပါဝင်သည့် စစ်ဒေသအမှတ် (၄) ကိုလည်းကောင်း အသီးသီး ပြန်လည်ဖွဲ့စည်းခဲ့သည်။
အဆိုပါ အသစ်ဖွဲ့စည်းလိုက်သော စစ်ဒေသများသည် ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေပြုကာ စစ်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း KNDF က အများပြည်သူသို့ အသိပေးထုတ်ပြန်ထားသည်။
