ပေါက်နှင့် မြိုင်တွင် စိတ်ကျန်းမာရေးမကောင်းသူများအပါအဝင် ဒေသခံ၂၄ဦးထက်မနည်းကို စစ်တပ် သတ်ထား

ဓာတ်ပုံ-အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ပုံစာ- လတ်တလော စစ်ကြောင်းရှောင်ပြည်သူများ။

မကွေးတိုင်း၊ပေါက်နှင့် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်တပ်သည် စိတ်ကျန်းမာရေးမ ကောင်းသူများအပါအဝင် ဒေသခံပြည်သူ ၂၄ဦးထက်မနည်းကို သတ်ထားပြီးဖြစ်ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ယနေ့(ဇူလိုင်၂၂ရက်)သတင်းထုတ်ပြန်သည်။

ဇူလိုင်၁၈ရက်တွင် မြိုင်မြို့နယ်၊ကွန်လပ်ကျေးရွာသို့ စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် အသတ်ခံ ထားရသော အမျိုးသားတစ်ဦးနှင့် မီးရှို့သတ်ဖြတ်ထားသောရုပ်အလောင်းတစ်လောင်း၊ ဘောတုံ ကျေးရွာထဲတွင် မီးရှို့သတ်ဖြတ်ထားသော ရုပ်အလောင်း ၅လောင်း၊သံချောင်းကျေးရွာထဲ၌ စိတ် ကျန်းမာရေးချို့တဲ့နေသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးတို့အား သတ်ဖြတ်ထားသည်ကို တွေ့ ရကြောင်း ဇူလိုင်၁၃ရက်တွင် မြိုင်မြို့နယ်၊ကန်နက်ရွာက သက်ကြီးပိုင်း အမျိုးသား၂ဦး၊ မြင်းကိုး သစ်ရွာက အမျိုးသားတစ်ဦး၊ကိုင်းတောမရွာက အမျိုးသားတစ်ဦးနှင့် ဝါးရင်းချိုင်ကျေးရွာက အမျိုးသားတစ်ဦး စုစုပေါင်းပြည်သူ၅ဦး တို့ကိုသတ်ဖြတ်ကာ အလောင်းဖျောက်ထားခဲ့ကြောင်း သိရသည်။

ဇူလိုင်၂ရက်တွင်ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာသို့ စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ယင်းရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ၅ဦးကို သတ်ဖြတ်ထားခဲ့ ကြောင်းလည်း ဆိုသည်။

ဇွန်လ၂၃ရက်ကလည်း မြိုင်နယ်တောင်ပိုင်း သာစည်ရွာက အမျိုးသားတစ်ဦး၊နှမ်းဆီကန်ရွာက အမျိုးသားတစ်ဦး ၊မိတ္ထီလာရွာက အမျိုးသား၂ဦး၊ ဝက်ပုတ်ရွာက ပြည်သူတစ်ဦး ၊ကုန်းရွာကပြည်သူ တစ်ဦး၊ စုစုပေါင်း၆ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သေးသည်။

“တချို့လည်း မပြေးနိုင်လို့ပေါ့။တချို့ကျတော့ ကံဆိုးပြီး စစ်ကြောင်းနဲ့တိုးတာ။စိတ်မမှန်တဲ့သူတွေ ကျတော့ စစ်ကြောင်းတွေဘာတွေ သူတို့ သေချာ မသိဘူးလေ။အခုစစ်ကြောင်းက သူတို့နဲ့တိုးတဲ့ ပြည်သူ ကျား၊မ မရွေး သတ်နေတာ။ PDF မဟုတ်မှန်း သိလျက်နဲ့ သတ်တာ။အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက စစ်ကြောင်း လမ်းကြောင်းကို သေချာစောင့်ကြည့်ပြီး ပြည်သူတွေ ရှောင် နိုင်အောင် ကြိုတင်သတိပေးနေတာ”ဟု ဒေသတွင်းတော်လှန်ရေးသတင်း ရင်းမြစ်က MPAသို့ပြော သည်။

ရွာများထဲသို့ စစ်ကြောင်းဝင်ပြီးနောက် အဆက်အသွယ်ပြတ်တောက်နေသည့် ပြည်သူအချို့လည်း ရှိနေသဖြင့် သတ်ဖြတ်ခံရသူဦးရေမှာ ယခုထက် ပိုများနိုင်ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့ အစည်း-မြိုင်က ထုတ်ပြန်ထားသည်။

ပြည်သူများအနေနှင့် စစ်ကြောင်းနှင့် မတွေ့အောင် အထူးသတိထားရှောင်ကြရန်လည်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးထားသည်။

ယင်းစစ်ကြောင်းသည် မြိုင်နယ်အနောက်ခြမ်း၊ ဘောင့်ဘင်ကျေးရွာအနီးတဝိုက်တွင် ရှိနေကြောင်း ဇူလိုင်၂၁ရက်၌ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပြီး ယနေ့နံနက်ပိုင်း စစ်ကြောင်းအခြေအ နေကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

ယင်းစစ်ကြောင်းကြောင့် ရွာ ၁၄ရွာထက်မနည်း စစ်ကြောင်းရှောင်ပြေးနေရကြောင်း သိရသည်။