မိုးရာသီကာလ အရောင်းအဝယ် အေးစက်နေသည့် ပြည်တွင်း မော်တော်ယာဉ်ဈေးကွက်အတွင်း လျှပ်စစ်ယာဉ် (EV) အစားထိုး တင်သွင်းခွင့် သတင်းများနှင့် ကောလာဟလများကြောင့် နှစ် ၂၀ သက်တမ်းရှိ မော်ဒယ်နိမ့် ကားများ ရုတ်တရက် ဈေးနှုန်းမြင့်တက်ကာ အဝယ်လိုက်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
ဇူလိုင် ၂၁ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေး ကားဈေးကွက်အတွင်း နှစ် ၂၀ အောက် သက်တမ်းရှိ Mercedes၊ BMW၊ Ford၊ KIA စသည့် အင်ဂျင်ပါဝါကြီး မော်ဒယ်နိမ့် ဥရောပ၊ ကိုရီးယားနှင့် ဂျပန်ကားများကို လိုက်လံဝယ်ယူမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ စစ်အုပ်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အွန်လိုင်း အစည်းအဝေးသတင်း ထွက်ပေါ်လာပြီးနောက် နှစ် ၂၀ သက်တမ်းရှိ ကားများကို အပ်နှံပါက EV ယာဉ်များ တင်သွင်းခွင့် ပေးတော့မည်ဆိုသည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကားအရောင်းစင်တာများ ဖွင့်လှစ်ထားသည့် ကားလုပ်ငန်းရှင်တစ်ဦးက အရည်ကျို အပ်ကားပိုင်ရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းများ အတိအကျ မသိရသေးမီ အရောင်းအဝယ် မလုပ်ကြရန် သတိပေး ပြောဆိုသည်။
“အရည်ကျိုအပ်ကားပိုင်ရှင်တွေအနေနဲ့ နှစ် ၂၀ ကားတွေကို ဘယ်သူမှ မရောင်းဘဲ ဒီတိုင်း စောင့်ကြည့်နေကြဖို့ ပြောချင်ပါတယ်။ နောက်ထပ် ၄၊ ၅ ရက်လောက် စောင့်ကြပါဦး။ ဂဏန်းငြိမ်မှ ရောင်းကြပါ” ဟု ၎င်းက ဆိုသည်။
အလားတူ အခြား ကားလုပ်ငန်းရှင်တစ်ဦးကလည်း ဈေးကွက်အတွင်း မမှန်သတင်းများ လျှောက်ဖွနေသဖြင့် ဈေးကွက် မတည်မငြိမ် ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ထောက်ပြသည်။
“အရည်ကျိုအပ် နှစ် ၂၀ ပြည့်ကားတွေ အစားထိုးပြီး EV ကား တင်သွင်းပေးမယ်ဆိုတဲ့ သတင်းကြောင့် အရည်ကျိုကားတွေ လိုက်ဝယ်ကြတာပါ။ ဝယ်တယ်ဆိုတာကလည်း ပြန်တင်သွင်းရောင်းချဖို့ပါ။ တချို့ကကျတော့ မဟုတ်တာတွေ လျှောက်ဖွတော့ အရည်ကျိုကားအစုတ်တွေ ဈေးတက်ကုန်တာပေါ့။ မောင်းလို့ရတဲ့ ကားတွေကို မအပ်လည်း ရပါတယ်။ ဒါကို ကြောက်အောင် ခြောက်ပြီး ဈေးနှိမ်ဝယ်ချင်တဲ့သူတွေ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ၎င်းက လက်ရှိ လုပ်ဆောင်ချက်မှာ ဆီစားသုံးမှု ချွေတာရန်အတွက် စက်သုံးဆီသုံး ကားများနေရာတွင် EV ယာဉ်များကို ဦးစားပေး လဲလှယ်လိုသည့် သဘောဖြစ်ပြီး ထွက်ပေါ်လာမည့် လုပ်ထုံးလုပ်နည်းများ ကျန်ရှိနေသေးကြောင်း ထပ်မံ ထောက်ပြသည်။
“အခုက ဆီကားထက် EV ကို ဦးစားပေးလာတာပါ။ ဆီကားနဲ့ EV ကို ချိန်းပစ်ချင်တဲ့ သဘောပါ။ ကားဈေးကျမှာလား မေးရင် အပေါ်ကား EV တွေပဲ ကျမှာပါ။ ဆီကားကတော့ ပုံမှန်ပါပဲ။ EV ဂယက်ကြောင့် လူစိတ်ဝင်စားမှု အနည်းငယ် ကျသွားတဲ့ သဘောပါပဲ” ဟု အဆိုပါ ကားလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။
စစ်အုပ်စု၏ စီးပွား/ကူးသန်း ဝန်ကြီးဌာနသည် ပြီးခဲ့သည့် မေလကုန်ပိုင်းကတည်းက သက်တမ်း နှစ် ၂၀ ကျော်လွန်သည့် ယာဉ်များကို EV ယာဉ်များနှင့် အစားထိုး လဲလှယ်ပေးမည်ဟု ကြေညာထားခဲ့ဖူးသည်။
သို့သော်လည်း မူဝါဒ မရေမရာဖြစ်မှု၊ ဒေါ်လာဈေး ကသောင်းကနင်း ဖြစ်ပေါ်နေမှုနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်မှုတို့ကြောင့် ပုံမှန် အရောင်းအဝယ် အေးစက်နေရာမှ သတင်းများကြောင့် ဈေးကွက်အတွင်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။
