မုန်တိုင်းအရှိန်ကြောင့် မိုးများသဖြင့် တောင်ငူမြို့ပေါ်သို့ ရေတက်

ဓာတ်ပုံ - Si Thu Min Shein ဖေ့စ်ဘွတ်ခ်
ပုံစာ - တောင်ငူမြို့ပေါ်တွင် ရေတက်နေစဉ်

ရာဂါဆာ မုန်တိုင်းအရှိန်ကြောင့် ပျဉ်းမနားအထက်ပိုင်း၌ မိုးများသဖြင့် စစ်တောင်းမြစ်ရေ ထပ်တက်လာပြန်ရာ ပဲခူးတိုင်း ၊ တောင်ငူမြို့ပေါ်သို့ ရေတိုးလာကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ(Ragasa) အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးရွာသွန်းမှု များပြားနေပြီး‌ နေပြည်တော် အထက်ပိုင်း၌ မိုးများသဖြင့်စက်တင်ဘာ ၂၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှစတင်၍ တောင်ငူမြို့စွန်ရှိ ၉ ရပ်ကွက် ၊ ၁၀ ရပ်ကွက်နှင့် မြစ်ရိုးတစ်လျှောက်ရှိ သဖန်းပင် ၊ အနောက်ဆင် ၊မြစ်ကြီးပေါက်‌ ၊ အလယ်ကျွန်းနှင့်ရွှေချိုင်းရွာများတွင် ရေတက်နေကြောင်း လူမှုကူညီ‌ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦး ထံက သိရသည်။

“လက်ရှိ ၆၀၀ စင်တီမီတာမှာရပ်တန့်နေပါပြီ။အထက်မှာ မိုးများရင် တက်နိုင်ပါတယ်။နှိုးဆော် တာတွေတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သာမန်ရေတက်တဲ့အနေအထားမို့ပါ”ဟု ၎င်းက MPA သို့ပြောသည်။

ယင်းနေရာများသည် စစ်တောင်းမြစ်ရေတိုးပါက ပုံမှန် ရေတက်လေ့ရှိသည့် နေရာများဖြစ်ပြီး ယနေ့(စက်တင်ဘာ ၂၅ရက်) နံနက်ပိုင်းအထိ ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းရခြင်းမျိုး မရှိသေးကြောင်း သိရသည်။

“လူမှုကူညီ‌ ရေးအသင်းတွေကတော့ အားလုံး ကြိုတင်ပြင်ဆင်ထားကြပါတယ်။ ကယ်ဆယ်ရေးအပိုင်းတွေကို”ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် စိုး‌ရိမ်ရေမှတ်ဖြစ်သည့် ၆၀၀ စင်တီမီတာ၌ ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အကြွင်းအကျန်များနှင့် မုတ်သုံအားကောင်းခြင်းကြောင့် မြန်မာတစ်နိုင်ငံ လုံးအနှံ့ စက်တင်ဘာ ၂၅ ရက်မှ ၂၇ အထိ ၃ ရက်အတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ဆိုသည်။