မန္တလေးတိုင်း (ပကဖ) တာဝန်ခံကို ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့က ဖမ်းဆီးပြီးနောက် စစ်ကော်မရှင် ထံ လွှဲပြောင်းအပ်နှံလိုက်ပြီဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်း (ပကဖ) တာဝန်ခံ၏ ဇနီးဖြစ်သူသည် K-Pay ပြုလုပ်ရန် ကျိုင်းတုံမြို့သို့ သွားရောက်စဉ် လမ်းခုလတ်၌ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရပြီးနောက် ဇနီးဖြစ်သူထံမှတစ်ဆင့် တာဝန်ခံရှိမည့်နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ တည်နေရာအတိအကျကို သိရှိသွားပြီးနောက် စစ်ကော်မရှင် က မိုင်းလားအဖွဲ့ကို ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေးပကဖ တာဝန်ခံ မိန်းမက ကျိုင်းတုံတက်တာ လမ်းမှာမိတာကို မိန်းမကို စစ်တပ်က စစ်မေးတော့ ပြောပြလိုက်တဲ့ပုံရတယ်။ အဲ့ဒီတော့ စစ်တပ်ကနေပြီး မိုင်းလားအဖွဲ့ကို ပကဖ တာဝန်ခံကိုဖမ်းပေးဆိုပြီးခိုင်းလိုက်တာ” ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက MPA သို့ ပြောကြားသည်။
သို့သော် ဤကိစ္စနှင့်ပတ်သက်၍ Myanmar Pressphoto Agency (MPA) က NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျတော်မသိဘူးလေ” ဟု ကနဦး တုံ့ပြန်ခဲ့သည်။

ယခုလ လဆန်းပိုင်းကလည်း မိုင်းလားတပ်ဖွဲ့အနေဖြင့် စစ်ကော်မရှင် နှင့် ပူးပေါင်းကာ တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်တော့မည်ဟူသော စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သေးသည်။ နှစ်ပေါင်း ၂၅ ကျော်ကြာ စစ်ပွဲများနှင့် ကင်းဝေးစွာ နေထိုင်လာခဲ့သည့် NDAA မိုင်းလားအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်တပ်လော်ဘီများက ရေးသားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့ မိုင်းလားဒေသသို့ ရောက်ရှိကာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ လာရောက်တွေ့ဆုံ ညှိနှိုင်းပြီးနောက် မိုင်းလားတပ် အင်အား နှစ်သောင်းက ခေတ်မီလက်နက်မျိုးစုံဖြင့် စစ်ပြင်နေပြီဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့် ရေးသားလာခဲ့ကြခြင်း ဖြစ်သည်။
စစ်တပ်လော်ဘီများ၏ ရေးသားချက်များတွင် မိုင်းလားတပ်များအနေဖြင့် စစ်ကော်မရှင် ဘက်မှ လိုအပ်သည့်နေရာများကို ကူညီပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ပေးရန် အသင့်ရှိနေပြီဟူသော သတင်းအမှားများကိုပါ ဖန်တီးထားကြသည်။
သို့သော် အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ဦးကြည်မြင့်က “ကျတော်တို့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေနေတယ်နော်။ တကယ်လို့ နိုင်ငံခြားကနေ လာတိုက်ရင်တော့ တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်သွားမှာပါ။ တော်လှန်ရေးအဖွဲ့တွေဖြစ်ဖြစ် ဘယ်အဖွဲ့ဖြစ်ဖြစ် တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး” ဟု MPA သို့ ပြောဆိုခဲ့ဖူးသည်။
မိုင်းလားအဖွဲ့နှင့် စစ်ကော်မရှင် တို့၏ ထိပ်ပိုင်းတွေ့ဆုံမှုများ ရှိခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် ပူးပေါင်းဆောင်ရွက်နေခြင်း မရှိကြောင်း ငြိမ်းချမ်းရေးဘက်က ငြင်းဆိုထားသော်လည်း မြေပြင်တွင်မူ တော်လှန်ရေးတာဝန်ရှိသူတစ်ဦး၏ ဇနီးဖြစ်သူ K-Pay သွားလုပ်စဉ် အဖမ်းခံရရာမှတစ်ဆင့် တာဝန်ခံပါ ဖမ်းဆီးခံလိုက်ရသည့် ဖြစ်စဉ်များ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
