By MPA
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့ရှိ အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ပြီးခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များမှ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ အလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ခေါင်းဆောင်များက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ကောင်စီတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တို့ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများ ပါဝင်ကြသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည်လည်း ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။
