ထိုင်းနှင့် တရုတ် ပူးတွဲစစ်ရေးကော်မတီ ဖွဲ့စည်းရန် သဘောတူညီချက် မူကြမ်းရရှိ

By ThaiEnquirer

ထိုင်းနှင့် တရုတ်နိုင်ငံတို့ကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ၊ နည်းပညာဆိုင်ရာ ပူးတွဲကော်မတီသစ်တစ်ရပ် ဖွဲ့စည်းရေးအတွက် သဘောတူညီချက် မူကြမ်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းလုပ်ဆောင်ချက်သည် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်၏ လွန်ခဲ့သည့်သီတင်းပတ် ပေကျင်းခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်သည့် နောက် ဆုံးအဆင့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။

အဆိုပါ ဝန်ကြီးအဆင့် ကော်မတီသည် ရေရှည်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင် လမ်းညွှန်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံတွင် ကျင်းပမည့် အဆိုပါကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးသို့ ထိုင်းနိုင်ငံဘက်က တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရက်ခ် က ပြောသည်။

ထို့ပြင် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံကြား လုံခြုံရေးမူဝါဒ ညှိနှိုင်းဆောင်ရွက်မှု၊ သတင်းအချက်အလက် ပူးပေါင်းဖလှယ်မှု၊ ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်း များ နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန်အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ပါဝင်သည့် “2+2 ဆွေးနွေးပွဲ” ထူထောင်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကိုလည်း တရုတ်ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဒေါင်ဂျွန်က ထောက် ခံခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် နည်းပညာလွှဲပြောင်းပေးခြင်းတို့မှ တစ်ဆင့် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြသလို၊ လာမည့် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် Defense & Security 2027 ပြပွဲသို့ တက်ရောက်ရန် တရုတ်ကာကွယ်ရေး ကုမ္ပဏီများကို ထိုင်းနိုင်ငံဘက်က ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။