စာမေးပွဲမေးခွန်း ပေါက်ကြားမှုများနှင့် ပတ်သက်၍ တာဝန်ယူ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသော တစ်နိုင်ငံလုံးရှိ လူငယ်ဆန္ဒပြသူများ၏ အောင်ပွဲတစ်ရပ်အဖြစ် အိန္ဒိယပညာရေးဝန်ကြီး Dharmendra Pradhan သည်ယနေ့တွင် နုတ်ထွက်တင်သွင်းခဲ့ကြောင်း သိရသည်။
NEET မေးခွန်း ပေါက်ကြားမှုဖြစ်စဉ်နှင့်အတူ CJP ပါတီ ပေါ်ပေါက်လာခဲ့ပြီးနောက် ဒေလီမြို့တွင် ဆန္ဒပြရန် ခေါ်ဆိုခဲ့မှုများကြောင့် ဇွန်လမှစတင်ကာ အိန္ဒိယကျောင်းသားများသောင်းနှင့်ချီသည် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
အဓိကတောင်းဆိုချက်မှာ ပညာရေးဝန်ကြီး Pradhan နုတ်ထွက်ပေးရန်ပင် ဖြစ်သည်။
ယခုဆန္ဒပြမှုများသည် ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ အာဏာရလာခဲ့ချိန်မှစ၍ ၎င်းအတွက် အကြီးမားဆုံး လူငယ်စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပြီး အတိုက်အခံပါတီများကပါ ထောက်ခံအားပေးခဲ့ကြသည့်အတွက် လွှတ်တော်အစည်းအဝေးများပါ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
မြို့တော်တွင် ရဲတပ်ဖွဲ့က လူငယ်ဆန္ဒပြသူများကို ဓာတ်ငွေ့များဖြင့် ပစ်ခတ် လူစုခွဲနေချိန်နှင့် ခေါင်းဆောင်များက တောင်းဆိုချက်များကို တွန်းအားပေးရန် ဝန်ကြီးများနှင့် ဆွေးနွေးပွဲပြုလုပ်ရန် ပြင်ဆင်နေချိန်၌ Pradhan က နိုင်ငံတော် တည်ငြိမ်ရေးနှင့် ကျောင်းသားများ ပညာရေးအပေါ် အာရုံစိုက်နိုင်စေရန်အတွက် ဝန်ကြီးချုပ်ထံ နုတ်ထွက်စာ တင်သွင်းလိုက်ကြောင်း X လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သည်။
CJP ပါတီက ဤနုတ်ထွက်မှုကို ကြိုဆိုခဲ့ပြီး ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သည့် ခေါင်းဆောင် Abhijeet Dipke က မိမိတို့တွင် နောက်ထပ် တောင်းဆိုချက် နှစ်ရပ် ရှိသေးကြောင်း ပြောကြားခဲ့သည်။
ပထမအချက်မှာ စာမေးပွဲမေးခွန်း ပေါက်ကြားမှုများကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြရသော ကျောင်းသားများ၏ မိသားစုများအတွက် ရူပီးတစ်ကုဋေ (သန်း ၁၀၀) ထောက်ပံ့ကြေးပေးရန်နှင့် ဒုတိယအချက်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့ကြသည့် ရဲအရာရှိများကို အရေးယူပေးရန် ဖြစ်သည်။
ဆန္ဒပြမှုများကို ထိန်းချုပ်ရန်အတွက် ဝန်ကြီးချုပ်မိုဒီက စာမေးပွဲပေါက်ကြားမှုတွင် ပါဝင်ပတ်သက်နေသူများကို လျင်မြန်စွာ အပြစ်ပေးအရေးယူနိုင်ရန် အမြန်ဆုံး စစ်ဆေးစီရင်ရေး တရားရုံးများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
