တောင်ဒဂုံတွင် စက်ဘီးစီးလာသော လူငယ်၂ဦးကို စစ်တပ် ယနေ့ ဖမ်းဆီးသွား

ဓာတ်ပုံ-RSN

ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်တွင် စက်ဘီးစီးလာသော လူငယ်အမျိုးသား၂ဦးကို ယနေ့ မွန်းလွဲပိုင်း၌ စစ်တပ်က ဖမ်းဆီးသွားကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်၂၅ရက်)မွန်းလွဲ၃နာရီခွဲခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ ကျောင်းလမ်းထဲ၌ စက်ဘီးစီးလာသည့် လူငယ်၂ ဦးကို ကင်းပတ်နေသည့် ပြောက်ကျားဝတ် စစ်သား ၆ဦး က အစစ် အဆေးလုပ်ပြပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိသည်ဟု RSN က ဆိုသည်။

“စစ်မှုထမ်း အမှတ်စဉ် ၂၇ စတော့မှာမို့ လူလိုက်ဆွဲတာတွေ ပြန်များလာတာပါဗျ”ဟု RSN တာဝန်ရှိ သူတစ်ဦးက MPAသို့ပြောသည်။
စစ်သား၆ဦးထဲတွင် ၄ဦးက မျက်နှာစည်းထားကြောင်း RSN က ထုတ်ပြန်သည်။

ရန်ကုန်တွင် ယခုလအတွင်း စစ်မှုထမ်းစာရင်းဖြင့် အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးမှုဖြစ်စဉ် အနည်း ငယ်ရှိကြောင်း သိရပြီး လမ်းမပေါ်၌ ပေါ်တာဆွဲဖမ်းဆီးမှု ပိုများကြောင်း RSN တာဝန်ရှိသူက ဆို သည်။

ဇူလိုင်၂၃ရက်၊မွန်းလွဲ၃နာရီခန့်ကလည်း သာကေတမြို့နယ်၊ဝက်စုမှတ်တိုင်တွင် အမျိုးသား၂ဦး ရှိနေစဉ် အရပ်ဝတ်ရဲ၊ ပျူစောထီးနှင့် ဘေးတွဲသမားများ ရောက်လာကာ ရိုက်နှက်၍ သာကေတ အမှတ်တစ်ရဲစခန်းသို့ ဖမ်းဆီးသွားကြောင်းနှင့် ဇူလိုင်၂၁ရက်၊ညနေ၆နာရီခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာအနီး၊ ဦးဝိစာရလမ်းမပေါ်၌ ယောကျ်ားလေး ၂ ဦး လမ်း လျှောက်သွားလာနေစဉ် ရဲဆလွန်းကားတစ်စီး ရောက်လာကာ စတိုးဆိုင်ထဲ ဘီယာဝင်ဝယ်သွား သည်ဟု စွပ်စွဲ၍ ဖမ်းဆီးသွားကြောင်း RSN က ထုတ်ပြန်ထားသည်။

သာကေတနှင့် မြောက်ဒဂုံတွင် ဖမ်းဆီးခံရသော လူငယ်၄ဦး၏ နောက်ဆက်တွဲအခြေအနေကို မ သိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။