အိမ်ငှားများကို စားအုန်းဆီ ခွဲတမ်းမပေးတော့သဖြင့် ပြည်သူနှင့် အသေးစား စားသောက်ကုန် လုပ်ငန်းရှင်များ အခက်ကြုံ

ဓာတ်ပုံ - ပေးပို့

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ကျပ်တည်းကာ အိမ်ငှားနေထိုင်သူ ပိုမိုများပြားလာသည့် အချိန်တွင် စစ်အုပ်စုက ရပ်ကွက်များအတွင်း စားအုန်းဆီ ခွဲတမ်းထုတ်ပေးရာ၌ အိမ်ငှားများကို ပိတ်ပင်လိုက်သဖြင့် ပြည်သူအများအပြားနှင့် အသေးစား စားသောက်ကုန် လုပ်ငန်းရှင်များ အခက်တွေ့နေရကြောင်း သိရသည်။

ယခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ဧည့်စာရင်း သို့မဟုတ် ယာယီသန်းခေါင်စာရင်းဖြင့် စာအုပ်ပြုလုပ်ကာ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ ကြိမ်နှုန်းဖြင့် ဆီထုတ်ပေးခဲ့သော်လည်း ယခုအခါ မူလအိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) ရှိသူများကိုသာ ထုတ်ပေးတော့မည်ဟုဆိုကာ အိမ်ငှားများကို ခွဲခြား ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အသက် ၅၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုသည်။

“အရင်က ရပ်ကွက်ရုံးမှာ ဧည့်စာရင်းနဲ့ ယာယီသန်းခေါင်စာရင်းနဲ့ စာအုပ်လုပ်ပေးတယ်။ တစ်လကို ၂ ကြိမ်၊ တစ်ခါထုတ်ရင် ၁ ပိဿာ ရတယ်။ အခု ဒီလကတည်းက အိမ်ငှားဆို မပေးတော့ဘူးလုပ်တာ။ လုပ်ထားတဲ့ ဆီစာအုပ်လည်း သုံးစားမရတော့ဘူး။ စာအုပ်သွားထုတ်တော့ ဆီမလောက်လို့လို့ပဲ ပြောတယ်။ ကျန်တာလည်း ဘယ်သူမှ မေးမရဘူး။ အခုတော့ အိမ်စားဖို့ပါ အပြင်မှာ ဈေးကြီးပေး ဝယ်နေရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းမှုနှင့် ခွဲတမ်းများကို လျှော့ချရန် စစ်အုပ်စု၏ ဒုသမ္မတဆိုသူ ညိုစောက ညွှန်ကြားခဲ့ပြီးနောက် ပြည်တွင်း စားအုန်းဆီ ဈေးကွက်အတွင်း မလုံလောက်သည့် ပြဿနာများ ပိုမိုဆိုးရွားလာခဲ့သည်။

ရန်ကုန်တိုင်းအတွက် မူလက လစဉ် စားအုန်းဆီ တန်ချိန် ၁၄,၀၀၀ ကျော် ခွဲဝေပေးနေရာမှ တန်ချိန် ၆,၀၀၀ ကျော်အထိ အဆမတန် လျှော့ချခဲ့ကြောင်း ကုန်Shared ခွဲတမ်း ရရှိသည့် လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ထို့ပြင် ယခင်က တစ်လလျှင် ၂ ကြိမ်နှုန်းဖြင့် စားအုန်းဆီထုတ်ပေးသည့် အစီအစဉ်မှာလည်း မြို့နယ်အတော်များများ၌ ရပ်တန့်လုနီးပါး ဖြစ်နေသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီကလည်း အိမ်တိုင်ရာရောက် ရောင်းချသည့် အစီအစဉ်ကို ဇူလိုင် ၁ ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ရပ်ဆိုင်းလိုက်သည့် အခြေအနေနှင့် ပတ်သက်၍ အသေးစား စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက ယခုလို ရှင်းပြသည်။

“ပုံမှန်က သူ့ဆီက တစ်လကို တစ်ကြိမ် ဖုန်းဆက်မှာလို့ရတယ်။ ၂ ပိဿာနဲ့ ၇၅ ကျပ်သား ရတယ်။ ဈေးကလည်း နှစ်သောင်းစွန်းစွန်းဆိုတော့ ကိုက်သေးတယ်။ အခုက သူကပါ ရပ်လိုက်တာ။ ရပ်ကွက်ထဲ ဆီစာအုပ်နဲ့ ထုတ်တာကျတော့လည်း ၅၀ သားပဲ ရတော့တာ အဆင်မပြေဘူး။ မှောင်ခိုကိုပဲ လိုက်ဝယ်နေရတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ ပြင်ပ မှောင်ခိုဈေးကွက်အတွင်း စားအုန်းဆီ ၁ ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး ငွေပေး၍ ဝယ်ယူလျှင်ပင် လိုသလောက် ဝယ်ယူ၍ မရနိုင်တော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီ ဈေးတက်လာသဖြင့် အခြား စားသုံးဆီ အမျိုးမျိုးပါ လိုက်လံ ဈေးတက်နေသည်။

ယင်းအခြေအနေကြောင့် အိမ်ရှင်မများသာမက ထမင်းဆိုင်၊ အကြော်ဆိုင်နှင့် အသေးစား စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်သူများ အကြီးအကျယ် ထိခိုက်နေရကြောင်း စမ်းချောင်းမြို့နယ်မှ ထမင်းဆိုင်ပိုင်ရှင် ဒေါ်ချိုက ပြောသည်။

“အပြင်မှာ မှောင်ခိုက ၁ ပိဿာကို အခု ၁၈,၀၀၀ နဲ့ ၂၀,၀၀၀ ဝန်းကျင် ပေါက်ဈေးနဲ့ ဝယ်နေရတယ်။ ဒါတောင် လိုသလောက် ဝယ်မရဘူး ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

အလားတူ စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးကလည်း စစ်အုပ်စု၏ မူဝါဒကြောင့် လုပ်ငန်းများ ဆက်လက် ရပ်တည်ရန် ခက်ခဲလာသည့် အခြေအနေကို အောက်ပါအတိုင်း ထောက်ပြသည်။

“တင်သွင်းတာပါ လျှော့လိုက်တော့ ဈေးကွက်ထဲ ဆီက လုံလုံလောက်လောက် မရှိတော့တာ။ အိမ်စားတွေအတွက်က ပြဿနာမရှိပေမဲ့ လုပ်ငန်းလုပ်နေသူတွေကျတော့ အဆင်မပြေတော့ဘူး။ ဥပမာ ထမင်းဆိုင်၊ အကြော်ဆိုင်၊ စားသောက်ဆိုင်တွေပေါ့။ သူတို့ရဲ့ နေ့စဉ် ဆီသုံးစွဲတဲ့ ပမာဏက ၅ ပိဿာ ဆိုကြပါစို့၊ အခုက ပေးတာမှ ၅၀ သားတောင် မရှိတော့တာဆိုတော့ မှောင်ခိုကိုပဲ အားပြုလာရတာ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

စစ်အုပ်စု၏ စနစ်မကျသည့် ကန့်သတ်ချက်များနှင့် စားအုန်းဆီ တင်သွင်းမှု လျှော့ချလိုက်သည့် မူဝါဒများကြောင့် ကုန်ဈေးနှုန်း ပိုမို မြင့်တက်လာပြီး အောက်ခြေ အိမ်ငှား ပြည်သူများနှင့် အသေးစား စားသောက်ကုန် လုပ်ငန်းရှင်များ၏ နေ့စဉ် လူမှုဘဝမှာ ပိုမို ကျပ်တည်းလာနေသည်။