By MPA
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်းဖျောက်ထားခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူ တရားခံ ၃ ဦးကို အာရက္ခတပ်တော် AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ် – DLEP) က ဇူလိုင်လ ၂၄ ရက်တွင် စုံစမ်းဖော်ထုတ် ဖမ်းဆီးလိုက်ကြောင်း ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်-ကျော်ဇံရွာသွား လမ်းဘေးရှိ သရက်တောခြံအတွင်း မြောင်းထဲ၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို ဒေသခံများက စတင်တွေ့ရှိခဲ့ရာမှ ဒီလပ် (DLEP) တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တွေ့ရှိရသည့် ရုပ်အလောင်းမှာ လက်ထိတ်နောက်ပြန်ခတ်လျက် အောက်ပိုင်း အဝတ်အစားမရှိဘဲ ဦးခေါင်းနောက်စိ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒီလပ်စခန်းက အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခဲ့သည်ဟု ဒီလပ်က ဆိုသည်။
သေဆုံးသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ရွာမှ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဒီလပ်အဖွဲ့၏ ဆက်လက် စုံစမ်းမှုများအရ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် ယိုးတရုပ်ရွာ ယာယီစစ်ရှောင်စခန်း၌ နေထိုင်သူ အမဲသားရောင်းချသူ မောင်တင်ဝင်း (၃၇ နှစ်) က လူမှုရေးအကူအညီ တောင်းခံရန် အကြောင်းပြ၍ သေဆုံးသူအား ဘေးတွဲဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မောင်တင်ဝင်းအား ဇူလိုင်လ ၂၃ ရက်တွင် စတင်ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု သိရသည်။
တရားခံ တင်ဝင်း၏ ထွက်ဆိုချက်အရ ၎င်းသည် အေးကျော် (၂၉ နှစ်) နှင့် သန်းစိုး (၂၁ နှစ်) တို့ အား ခေါ်ဆောင်၍ သေဆုံးသူကို တန်းစွယ်ရွာအနားရှိ သရက်တောခြံအတွင်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် အဆိုပါ အမျိုးသမီးအား ၎င်း၏ လက်ထိတ်ဖြင့် ခတ်ခိုင်းကာ ကျန် ၂ ဦးကို လမ်းဘေးတွင် စောင့်ခိုင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသမီးငယ်က အလိုမတူသဖြင့် ကျောက်ခဲဖြင့် ခေါင်းနှင့် ဂုတ်ကို တင်ဝင်းက ထုသတ်ကာ မုဒိမ်းပြုကျင့်ခဲ့ပြီး သေဆုံးသွားသည့် ရုပ်အလောင်းအား ရေအိုင်အတွင်း ဆွဲချဖျောက်ဖျက်ခဲ့ကြောင်း ဝန်ခံထားသည်။
ပူးပေါင်းပါဝင်သူ အေးကျော်နှင့် သန်းစိုး တို့ကိုလည်း ဇူလိုင်လ ၂၄ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံ ၃ ဦးစလုံးကို ဥပဒေအရ အရေးယူနိုင်ရေး အချုပ်ရမန်ယူကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု သိရသည်။
ထို့ပြင် ဒီလပ် (DLEP) အဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)အတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ နှင့် ပုဒ်မ ၃၇၆ (မုဒိမ်းမှု)အတွက် အမြင့်ဆုံးပြစ်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည်ဟု အသိပေးထားသည်။
ယခုကဲ့သို့ ရက်စက်သည့် မှုခင်းများ လျှော့ချနိုင်ရေးအတွက် အထီးကျန်နေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် သံသယဖြစ်ဖွယ် ဖြစ်စဉ်များကို နီးစပ်ရာ လုံခြုံရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့ကြရန် အသိပေး နှိုးဆော်ထားသည်။
