ကရင်ဒေသ ရှေ့တန်း၌ သေဆုံး စစ်မှုထမ်းများကို အမိန့်စာ ပြန်မပေး၊ ဒဏ်ရာရစစ်မှုထမ်းများကို ပစ် သတ်ပြီး ထားခဲ့ဟုဆို

ကရင်ပြည်နယ်အတွင်းရှိ ရှေ့တန်းအသီးသီး၌ သေဆုံးသွားသော စစ်မှုထမ်းတပ်သားများကို အမိန့်စာ ပြန်မပေးကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း လက်ရှိ အဓမ္မတာဝန်ထမ်းနေရသော စစ်မှုထမ်းသတင်းရင်းမြစ်က အထက် ပါအတိုင်း သတင်းပေးပို့ခဲ့ကြောင်း သထုံခရိုင် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“သန္ဓေစစ်သားတွေ သေရင်တော့ အမိန့်စာပြန်ပေးတယ်။ ပစ(စစ်မှုထမ်းတပ်သား)တွေကိုတော့ အမိန့်စာမပြန်ဘူး။နင်လာငါလား တိုက်ရတဲ့တိုက်ပွဲတွေမှာဆိုရင်လည်း ပစ တွေက အသေခံတပ် သားအဖြစ်နဲ့ ရှေ့ဆုံးကနေ တက်ရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ယခုနှစ် ဧပြီလအတွင်း မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အတွင်းရှိ လေးကေစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ စဉ်က ခြေထောက်ဒဏ်ရာရ စစ်မှုထမ်းတပ်သားတစ်ဦးကို သန္ဓေစစ်သားများက ပစ်သတ်ထားခဲ့ဖူး ကြောင်း ၎င်းက ဆိုသည်။

“သန္ဓေစစ်သားတွေ ဒဏ်ရာရရင် ပြန်သယ်တယ်။တစ်ယောက် ဒဏ်ရာရပြီဆို ၂ယောက်ကထမ်း၊ တစ်ယောက်က ဒဏ်ရာရတဲ့သူရဲ့ ပစ္စည်းတွေသယ်နဲ့ စစ်သား၃ယောက် အသုံးပြုရတယ်။အဲဒါ ကြောင့် ပစတွေ ဒဏ်ရာရရင် တစ်ခါတည်း ရှင်းပစ်ခဲ့တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်မှုထမ်းတပ်သားများ ဒဏ်ရာရပါက ပစ်သတ်ခဲ့ကြောင်းကို အလင်းဝင်စစ်သားများနှင့် ဖမ်းဆီးမိ သော စစ်သုံ့ပန်းတို့ထံမှ သိရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ပစ ဆိုတာ တပ်ရင်းထဲမှာဆိုလည်း အနှိမ်ခံပဲ။ အောက်ခြေသိမ်းမှန်သမျှ အကုန်လုပ်၊သန္ဓေစစ်သား တွေရဲ့ ခိုင်းဖက်။ပြီးတော့ ကျနော်တို့မွန်ပြည်နယ်က တပ်ရင်းတွေနဲ့ စစ်တပ်စခန်းတွေမှာဆိုရင် ပစ တွေကို သေနတ်သယ်ပြီး ထွက်ပြေးမှာစိုးလို့ဆိုပြီး ကင်းစောင့်ခိုင်းရင်တောင် သေနတ်မပေးထားဘူး” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၌ လက်ရှိ တာဝန်ကျနေသော စစ်မှုထမ်းသတင်းရင်းမြစ်က ၎င်းတို့ စစ်မှုထမ်းများ အားလုံး လစာ တစ်လ ၅သောင်းသာ ရရှိသည်ဟု ဆိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဓာတ်ပုံ-ရွာဇော်ကြီး-တော်လှန်အသံ၊စစ်အုပ်စု မီဒီယာ။