ထိုင်းမှ ပြန်ပို့ခံရသည့် မြန်မာများအနက် အမျိုးသမီးများပါ စစ်မှုထမ်း စုဆောင်းခြင်းခံနေရ

ဓာတ်ပုံ - လူမှုကွန်ရက်

အာဏာသိမ်း စစ်အုပ်စု၏ စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီး နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လွှဲပြောင်းခံရချိန်တွင် အမျိုးသားလူငယ်များသာမက အမျိုးသမီးများကိုပါ စစ်အုပ်စုက တိုက်ရိုက်ဖမ်းဆီး၍ စစ်မှုထမ်းရန် စုဆောင်းနေကြောင်း သိရသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်များတွင် ထိုင်းဘက်က ပြန်လည်လွှဲပြောင်းလိုက်သည့် မြန်မာနိုင်ငံသားများကို စစ်အုပ်စုတပ်များက အသင့်စောင့်ဆိုင်းကာ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ မော်တော်ယာဉ်များပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

“စစ်ကားတွေက ဂိတ်တွေနားမှာ ရပ်ထားတယ်။ မြင်မြင်ရာ မ,တာဗျာ။ မိန်းကလေးတွေရောပဲ ပါသွားတယ်၊ အမျိုးသားတွေဆိုရင် သန်နေသေးရင် အကုန် ကားပေါ် ပစ်တင်တာ” ဟု ဖြစ်စဉ်ကို သိရှိသူအမျိုးသားတစ်ဦးက ပြောဆိုသည်။

အထောက်အထားမရှိသည့် ၎င်း၏ သူငယ်ချင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် ဘုရားသုံးဆူစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း ပြောသည်။

“အဲဒီမှာ စစ်မှုထမ်းစုဆောင်ခံရတယ်။ အခု စစ်မှုထမ်းစစ်သားဖြစ်နေပြီ။ အဆက်အသွယ်လည်း အခုထိ မရတော့ဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို စတင် အသက်သွင်းခဲ့ပြီးနောက် လူငယ်အများအပြား နည်းလမ်းမျိုးစုံဖြင့် ထိုင်းနိုင်ငံအတွင်းသို့အပါအဝင် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

သို့သော်လည်း လွန်ခဲ့သည့် လများအတွင်း ထိုင်းနိုင်ငံ ရနောင်း၊ တာ့ခ်၊ စူရတ်ဌာနီနှင့် စမုတ်စာခွန် စသည့် ပြည်နယ်များ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးဖမ်းဆီးမှုများ တင်းကျပ်ခဲ့သဖြင့် နေ့စဉ် မြန်မာရွှေ့ပြောင်းလုပ်သား အမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး နယ်စပ်ဂိတ်များသို့ ပြန်လည်ပို့ဆောင်ခံရချိန်တွင် ရှေ့တန်းတိုက်ပွဲများ၌ လျော့နည်းလာသည့် တပ်အင်အားအတွက် စစ်အုပ်စုက အကူအညီမဲ့နေသည့် အမျိုးသမီးလူငယ်များကိုပါ ပစ်မှတ်ထား ဖမ်းဆီးလာခြင်း ဖြစ်သည်။

အမျိုးသားရော အမျိုးသမီးပါမချန် စစ်မှုထမ်းရန် ဖမ်းဆီးခံနေရသည့် သတင်းများကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် မြန်မာလူငယ်များသည် နယ်စပ်သို့ ပြန်လည်လွှဲပြောင်းခံရမည်ကို သေပွဲဝင်ရသကဲ့သို့ စိုးရိမ်ကြောက်ရွှံ့နေကြရပြီး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိုင်းအစိုးရအနေဖြင့် ပြန်လည်လွှဲပြောင်းခံရသူများ၏ အသက်အန္တရာယ်နှင့် ဘေးကင်းရေးကို အထူးသတိပြု စိစစ်ပေးရန် လိုအပ်နေကြောင်း အလုပ်သမားအရေးကူညီပေးနေသူများက ထောက်ပြပြောဆိုထားကြသည်။