မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးကားလမ်းမတလျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း မြေပြင် စစ်ရေးသတင်းအရင်းများထံမှ သိရသည်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုသည် နယ်မြေစိုးမိုးမှု ပြန်လည် ရယူနိုင်ရေးအတွက် ယခုလဒုတိယမှစတင်ကာ အင်အားရာချီဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ဗိုလ်အယ်စေးဝါးဦးဆောင်သည့် (Lion Battalion Commando) ဗျူဟာ စစ်ကြောင်းတော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်။
“သူတို့(စစ်တပ်) နယ်မြေရှင်းလင်းရေးလုပ်နေတာ ဒီလအစောပိုင်းကတည်းကပေါ့၊ ဒုတိယအပတ်လောက်မှာ တိုက်ပွဲက စဖြစ်လာရာကနေ အခုထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA ကို ပြောသည်။
စစ်အုပ်စု စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကို အဓိက လုပ်ဆောင် နေကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုအထိုင်ချထားသည့်ချောင်းနှစ်ခွကျေးရွာနှင့် သံပုရာကျေးရွာသည် ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် သွားရပြီး လက်ရှိ သံပုရာကျေးရွာထဲကို စစ်အုပ်စုက ဝင်ရောက်တပ်စွဲလိုက်ပြီးဖြစ်ကြောင်း သိရသည်။
“နှစ်ဖက်လုံးက ထိတယ်၊ ရွားသားတစ်ယောက်ဆို လက်နက်ကြီးထိလို့ ဦးခေါင်းတောင် ရှာလို့ မတွေ့တော့ဘူး၊ တော်လှန်ရေးဘက်ကလည်း ထိတာ၊ အဲဒါသူတို့ ပြန်ဆုတ်သွားတယ်၊ အခုစစ်တပ်က သံပုရာ ရွာထဲရောက်နေပြီး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို (Lion Battalion Commando) စစ်ကြောင်းကို MPA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းသွားရာလမ်း ဇမိမြစ်ကမ်းဘေးတွင် တည်ရှိသည့် သံပုရာရွာသည် မွန်၊ ကရင် တိုင်းရင်းများနေထိုင်ကြသည့် ရွာကြီးတစ်ရွာဖြစ်သည်။
လက်ရှိ စစ်အုပ်စု၏လက်နက်ကြီးနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် သံပုရာကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံအများစု ဇမိမြစ်တစ်ဖက်ကမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
“စစ်တပ်ရွာထဲရောက်လာတော့ အိမ်တွေ တံခါးပိတ်ထားတော့ အဲဒါသူတို့ လိုက်ပြောတယ်၊ ဝင်နေလို့ရပြီး အေးဆေးနေ လို့ရပြီးတဲ့၊ ရွာသားတွေက ရှောင်နေကြတာပဲ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ အတ္ထရံမြစ်ကူး(ချောင်းနှစ်ခွ)တံတားနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာနှင့် ရွှေလင်းကျေးရွာကြား ဒါလီတံတား ပြန်လည်တည်ဆောက်ရေးအပါအဝင် မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်း နယ်မြေစိုးမိုးမှု ပြန်လည်ရယူနိုင်ရန် စစ်အုပ်စုက ကြိုးစားနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိသည်။
“ကော့ကရိတ်-အာရှလမ်းကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ ဒီဘက် ထိုင်းဝင်ပေါက်ဖြစ်တဲ့ သုံးဆူလမ်းပိုင်းပါ ရှင်းလင်းရေးလုပ်နေတဲ့သဘော၊ လမ်းကြောင်းနှစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ၊ စစ်တပ်ဘက်ကလည်း DKBA ရယ်၊ အခြားအဖွဲ့တွေနဲ့ တွေ့ပြီး လုံခြုံရေးအကူညီတောင်းတာရှိတယ်လေ၊ ရွေးကောက်ပွဲကိစ္စကလည်း ရှိနေ တော့” ဟု မွန်၊ ကရင် စစ်ရေးအခြေအနေ စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
လက်ရှိ စစ်အုပ်စုသည် BGF/KNA ၊ DKBA တပ်များ အကူအညီဖြင့် အင်အားထောင်ချီ အသုံးပြုပြီး မုဒုံ-ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီးလမ်းပိုင်း၊ မုဒုံ-ကမာဝက်-ခလယ်တံခွန်တိုင်-ကြာအင်း ဆိပ်ကြီးလမ်းပိုင်း နှင့် ကျိုက်မရော-ခရုံဂူ-လွှစင်ကုန်း-သံပုရာ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့ ကို ဆက်သွယ်ထားသည့် လမ်းတလျှောက်တွင် စစ်ကြောင်းထိုးနေသည်။
