ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် စားစရာလုံး၀ပြတ်လပ်သွားပြီး ဒိတ်လွန်နေသည့် ပေါင်မုန့်များကို စားသုံးနေရကြောင်း စုံစမ်းသိရှိရသည်။
အထက်ပါအခြေအနေနှင့် ပတ်သက်ပြီး MPAက မြေပြင်ဆင်း သတင်းရယူရာ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဟိုဝမ်အရပ်ရှိ လင်းရောင်ခြည် စစ်ရှောင်စခန်း၌ စားနပ်ရိက္ခာပြတ်လပ်ကာ အငတ်ဘေးဆိုက်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။
“မနေ့က စစ်ရှောင်တစ်ခုလုံးစားစရာမရှိတော့လို့ Job for Kayah အဖွဲ့ဆီသွားပြီး အလှုခံတယ်။ သူတို့လဲ စစ်ရှောင်အသစ်တွေကို ကူညီနေရတော့ ဘာမှမရခဲ့ဘူး။ နောက်ဆုံးချယ်ရီကုန်းက ကုန်စုံဆိုင်တစ်ခုကနေ ဒိတ် နှစ်လလွန်နေတဲ့ ပေါင်မုန့် ၁၇၂လုံးရခဲ့တယ်။ အဲ့ဒါလေးကို မနေ့က ညနေ၅နာရီမှာ စစ်ရှောင်တွေဆီဝေပေးပြီး ဝမ်းရေးကို ခဏတာဖြေရှင်းလိုက်ရတယ်”ဟု လင်းရောင်ခြည် စစ်ရှောင်စခန်း၏ ဒုတာဝန်ခံ ကိုရန်နိုင်စိုးက ပြောသည်။






လင်းရောင်ခြည်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများအနေဖြင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ထံ အကူညီတောင်းခံထားမှုမရှိသေးကြောင်းနှင့် လေးနှစ်တာကာလအတွင်း တစ်ကြိမ်သာ IECထံမှ အကူညီရခဲ့ဖူးကြောင်း လင်းရောင်ခြည်စစ်ရှောင်ကော်မတီ၏ ဧည့်တွေ့မှတ်တမ်းများအရ သိရသည်။
“ကျတော်တို့အရင်က IECဆီတင်ပြဖူးတယ်။ တစ်လနှစ်လကြာအောင်စောင့်ရတယ်။ မိသားစုလေးယောက် ဆန်အိတ်တစ်အိတ်နဲ့ ဆီက ၁လီတာဗူးနဲ့ဆားပေါ့။ ကျတော်တို့ စစ်ရှောင်တဲ့နှစ်တွေအားလုံးထဲမှာ တစ်ခါပဲရဖူးတာပေါ့။ အစိုးရကလဲ သူ့အလုပ်နဲ့သူရှုပ်တယ်ဆိုတော့ ကျတော်တို့ကို မကူနိုင်ဘူးထင်တယ်။ အစိုးရမှာလဲ သူ့တာဝန်နဲ့ သူ့လုပ်ငန်းစဉ်တွေက အများကြီးရှိနေတော့ အပြစ်မတင်ပါဘူး။ အဲ့ဒါမို့ အရပ်ဘက်အဖွဲ့အစည်းတွေကိုပဲ အကူညီတောင်းတော့မယ်ဆိုပြီး သွားတောင်းတာပါ”ဟု ကိုရန်နိုင်စိုးက ပြောသည်။
လင်းရောင်ခြည်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၂စု၊ စစ်ရှောင်ပြည် ၁၂၂ဦးရှိကာ ထူလွီးဘီလာ၊ ဟိုဝမ်ရွာသစ်နှင့် မြို့မရွာမှ ဒေသခံများနေထိုင်နေကြပြီး အလုပ်အကိုင်မရှိသည့်အတွက် ယခုကဲ့သို့ အငတ်ဘေးနှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း ယင်းစခန်းရှိ ကလေးငယ်နှစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။
“ဒီစစ်ရှောင်စခန်းမှာ ရှိသမျှ ယောကျာ်းတွေက အလုပ်ရနိုင်မယ့်နေရာတွေသွားပြီး ပိုက်ဆံရှာကြတယ်။ စခန်းမှာက အသက်ကြီးတဲ့သူတွေ၊ ကလေးတွေနဲ့ မိန်းမတွေပဲကျန်ခဲ့တာပေါ့။ စစ်ရှောင်နေရတဲ့နှစ်တွေမှာ အမျိုးတွေဆီက ဆန်ချေးစားခဲ့ပေမယ့် သူတို့လဲ မရှိတော့ဘူးဆိုတော့ ချေးလို့မရတော့ ဒီနှစ်မှာ ကျပ်တည်းလာခဲ့တာ”ဟု ၎င်းက ပြောသည်။
လင်းရောင်ခြည်စစ်ရှောင်စခန်းသည် လူသူအရောက်ပေါက်နည်းခြင်း၊ နေထိုင်ရန်မြေသာရှိပြီး လုပ်ကိုင်စားသောက်ရန် မြေမရှိခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် စစ်ရှောင်များသည် အကူအညီများဖြင့် နေထိုင်နေရခြင်းဖြစ်ပြီး ယင်းအခြေအနေကို ရှက်ရွံ့သော်လည်း ပြည်သူများက ကူညီပေးကြရန် စစ်ရှောင်များက တောင်းဆိုကြသည်။
လက်ရှိတွင် လင်းရောင်ခြည်စစ်ရှောင်စခန်းအနေဖြင့် ဆန် ၂အိတ်သာ အရေးပေါ်လိုအပ်နေပြီး စစ်ရှောင်စခန်းအတွက် လစဉ်အကူအညီများရရှိပါက စစ်ရှောင် ၁၂၂ဦးအနေဖြင့် အငတ်ဘေးဆိုက်မည့်ပြဿနာမှ ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း စစ်ရှောင်ကော်မတီထံမှ သိရသည်။
