ဝပြည်နယ်သို့ လာရောက်အလုပ်လုပ်ကိုင်သူများပြားလာသော်လည်း တရုတ်စကား မတတ်သူများ လုပ်ခလစာ အနှိမ်ခံရ

Photo - MPA
ပုံစာ-၀ပြည်နယ် တစ်နေရာအားတွေ့ရစဉ်

By Poesangle/ MPA

၀ပြည်နယ်သို့ လာရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာသော်လည်း တရုတ်စကား မတတ်သူများကို လုပ်ငန်းရှင်များက လုပ်ခလစာ နှိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နှစ်အစမှ စတင်ကာ မြန်မာနိုင်ငံ အနှံ့မှ ဒေသခံများသည် “၀” ‌ဒေသသို့ လာရောက်အလုပ်လုပ်ကိုင်လာခြင်းဖြစ်ပြီး ယခင်က အခြေခံလစာ တရုတ်ယွမ်ငွေ တစ်ထောင်ရသော်လည်း လက်ရှိ ယွမ်ငွေ ငါးရာသာရတော့ကြောင်း သိရသည်။

“ဒီမှာက အလုပ်မရှာဘူး။ တရုတ်စကားမတတ်ရင် အလုပ်က သူ့အလိုလိုရှားသွားတယ်။ လစာလည်း အနှိမ်ခံရတယ်။ တရုတ်စကားတတ်တဲ့သူတောင် ထောင့်ငါးရာလောက်ပဲရတယ်။ တကယ့်အလုပ်ကောင်းတွေမှ လစာက ယွမ်ငွေ သုံးထောင်လောက်ပဲရတယ်” ဟု မန္တလေးမြို့မှ ၀ပြည်နယ် နမ့်တစ်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နမ့်တစ်မြို့သို့ ရောက်ရှိရန်အတွက် လမ်းစရိတ် အနည်းဆုံး ၁၅သိန်းကျော် ကုန်ကျကြောင်း၊ သတင်းများအရ အနည်းဆုံး လုပ်ခလစာ တရုတ်ယွမ်ငွေ၁၀၀၀ရမည်ဆိုသောကြောင့် ၀ပြည်နယ်သို့ ရောက်ရှိလာသော်လည်း တရုတ်စကား မတတ်သည့်အတွက် တစ်လငါးရာသာ ရသောကြောင့် အခက်အခဲများစွာကြုံတွေ့ရသည်ဟု ၎င်းက ရှင်းပြသည်။

“မန္တလေးမှာ သားသမီးတွေကို ပစ်ပြီး အလုပ်လာလုပ်တာ၊ တစ်ထောင်ရမယ်ဆိုပြီး လိုက်လာတာ၊ ဒီရောက်တော့ တစ်လငါးရာ ဖြစ်သွားကော၊ ပြန်လို့လည်းမရ ပြန်ဖို့ လမ်းစရိတ်လည်းမရှိဘူး။ မန္တလေးမှာ အလုပ်လုပ်တုန်းကတစ်လ ငါးသိန်းရသေးတယ်။ အဲ့ဒီအလုပ်ကို ပစ်ပြီး ဒီဘက်တက်လာမှ ပိုဆိုးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြည်သူအများစုသည် အလုပ်အကိုင် ကောင်းမွန်သည့် “၀” ဒေသလို့လာရောက်ကာ အလုပ်လုပ်ကိုင်နေခြင်းလည်းဖြစ်သည်။

ယနေ့(စက်တင်ဘာ ၂၆ရက်)၊ မွန်းလွဲ ၂နာရီအထိ တရုတ်ယွမ်ငွေ ပေါက်စျေးသည် ယွမ်တစ်ရာလျှင် ကျပ် ၅၇၀၀ ထိပေါက်စျေးရှိနေသောကြောင့် “၀” ဒေသရှိ အခြေခံအလုပ်သမားများအနေဖြင့် တစ်လ ကျပ် ၂၈၅၀၀၀ သာရရှိသည်။

“အလုပ်သမားတွေကို စျေးနှိမ်တာက လုပ်ငန်းရှင်နဲ့ ဆိုင်တယ်။ သူဌေးကောင်းတွေ့တဲ့သူဆိုရင် လစာကောင်းရတယ်။ အလုပ်မရှာပေမဲ့ လုပ်အားခနည်းတာတော့ အမှန်ဘဲ၊ စီးပွားမဖြစ်တဲ့ လုပ်ငန်းရှင်တွေကတော့ လုပ်အားခတွေ လျော့ချတာတွေရှိတယ်။ ပြီးတော့ ဒီရောက်လာရင် အလုပ်ချက်ချင်းမရဘူး။ တချို့ဆို တစ်လလောက်တော့ အလုပ်ရှာရတယ်။ ကျတော် မိုင်းပေါက်မှာ နေတာ နှစ်နှစ်ကျော်ပြီ တရုတ်စကားမတတ်ပေမဲ့ စလုပ်တော့ တစ်ထောင်ရတယ်။ အခုဆို သုံးထောင်လောက်ရတယ်” ဟု မိုင်းပေါက်မြို့တွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“၀” ဒေသ၌ အဓိက အသုံးပြုသည့် ငွေမှာ ယွမ်ငွေဖြစ်ပြီး ယွမ်ငွေစျေး အတက်အကျပေါ်မူတည်၍ လုပ်အားခ အပြောင်းအလဲရှိ နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် “၀” ဒေသရှိ လုပ်ငန်းရှင်အများစုသည် အလုပ်သမားများကို စားစရိတ် နှင့် နေထိုင်စရာများပေးပြီး လုပ်အားခကို လျော့ချကြောင်း စုံစမ်းသိရှိရသည်။

” ၀ မှာက တရုတ်းစကား နည်းနည်းပါးပါးတတ်မှအလုပ်ရှိတာ၊ တရုတ်စကား မတတ်ရင် အလုပ်သမားက လုပ်အားခနည်းသွားတယ်။ တချို့လုပ်ငန်းရှင်တွေက မခေါ်ချင်ဘူး။ ဥပမာ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ အလှပြင်ဆိုင်မှာ ဧည့်သည်နဲ့ စကားပြောရင် တရုတ်စကား မတတ်လို့ မရဘူး ။ အဲ့ဒီတော့ တရုတ်စကားမတတ်ရင် လုပ်အားခက နှိမ်ခံရသလိုဖြစ်သွားတယ်” ဟု မိုင်းဖျန်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝ”ဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် အခြေအနေများကို စုံစမ်းပြီးမှသာ လာရောက်သင့်ပြီး လူမှုကွန်ရက်တွင် တွေ့သည့် အလုပ်ခေါ်စာများကိုလည်း အလွယ်တကူ မယုံကြည်သင့်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook နှင့် Tiktok တို့တွင် “၀” ဒေသ၌ အလုပ်အကိုင်များရရှိကာ လုပ်ခလစာ ကောင်းသည်ဟု ကြော်ငြာမှုများရှိနေကြောင်းလည်းသိရသည်။

စာတည်း-ကိုဆန်း