By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပျူစောထီးများ ဖမ်းဆီးထားသော အလယ်တန်းကျောင်းသားများ သတင်းအစအနပင်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
စက်တင်ဘာ ၇ရက်က မြင်းခြံမြို့နယ်၊ကံရွာလမ်းခွဲ ရှိ ပျူစောထီးခေါင်းဆောင်သီတာယုမွန်၏ ဂိတ်တွင် မြင်းခြံမြို့ အထက ၃ ကျောင်း၌ တက်ရောက်နေသည့် အသက် ၁၃နှစ်မှ ၁၅နှစ်အရွယ် ကျောင်းသား ၇ဦးတို့ ဖမ်းဆီးခံရပြီး မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ် )ထဲသို့ ခေါ်ဆောင်သွားကြောင်း၊ စက်တင်ဘာ ၂၃ရက်တွင် အသက် ၁၃နှစ်အရွယ် ကျောင်းသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၆ဦးမှာ ယနေ့(စက်တင်ဘာ၂၇ရက်)ထိတိုင် ပျောက်ဆုံးနေကြောင်း တောင်သာအလင်းတန်းအဖွဲ့ထံက သိရသည်။
” ကျောင်းသားမှန်းသိရက်နဲ့ဖမ်းတာပါ။ ကျောင်းသွားရင်းနဲ့ဖမ်းခံရတာမဟုတ်ပါဘူး။ ( မြင်းခြံ )မြို့မြောက်ဖက် အနိမ့်ရွာဘက်ကို သွားရင်း အဖမ်းခံရတာပါ။ သူတို့ကို လိုက်ပို့တဲ့ သုံးဘီးသမားကို ပြန်လွှတ်လိုက်ပါတယ်။ အနိမ့်ရွာအနီး ကံရွာလမ်းခွဲမှာ အဖမ်းခံရတာပါ။ ပြန်လွတ်လာတဲ့တစ် ယောက်ကတော့ ဘာလို့ပြန်လွတ်လာလဲ မသိရဘူး” ဟု တောင်သာအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက MPA ကို ပြောသည်။
စက်တင်ဘာ ၁၂ရက်တွင် စစ်ကော်မရှင် ဝါဒဖြန့် Tik Tok အကောင့်တစ်ခုဖြစ်သည့် မြင်းခြံပြည်သူစစ်ဌာနေ အကောင့်က PDF များထံ သွားရောက်သည့် ကလေးများကို ကယ်တင်ထားကြောင်း ရုပ်သံဖိုင်တစ်ခု တင်ခဲ့ကြောင်း သိရသည်။
ယင်းရုပ်သံဖိုင်ထဲတွင် ဖမ်းဆီးခံကျောင်းသားများက ၎င်းတို့သည် မြင်းခြံမြို့၊ မြို့သစ်ရပ်ကွက်မှဖြစ်ပြီး PDF ထံမဝင်ပါက မိဘများကို သတ်မည်ဟု ခြိမ်းခြောက်သဖြင့် PDF ထဲဝင်ရန် သွားရခြင်းဖြစ် ကြောင်း ပြောဆိုထားသည်။
” ဖမ်းဆီးစဉ်အစောပိုင်းမှာတော့ ငွေညှစ်တယ်လို့ ကြားထားရပါတယ်။ နောက်ပိုင်းမှာ ဝါဒဖြန့် ဗီဒီယိုထွက်လာတယ်။ PDFထဲဝင်ဖို့ သွားတဲ့ကလေးတွေကို သူတို့(ပျူ)တွေက ကယ်ထားရပါတယ်ပေါ့။ နောက်ပိုင်းတော့ ဘာမှ မကြားရဘူးဗျ။PDFတွေအနေနဲ့တော့ အဲ့ကလေးတွေကို မသိပါဘူး။ ကျောင်းသားလေးတွေပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖမ်းဆီးခံရသည့် ကလေးငယ်များသည် မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာသို့ မည့်သည့်အကြောင်း ကြောင့် သွားရောက်သည်ကို MPA အနေဖြင့် အတည်မပြုနိုင်ပေ။
အနိမ့်ကျေးရွာသည် မြင်းခြံမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး မြို့ပေါ်နှင့် ၆မိုင်ခန့်ကွာဝေးသည်။
စာတည်း-ML
