နွေဦးတော်လှန်ရေးသည် NLD ထည့်ဝင်မြှုပ်နှံခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ ဆင့်ကဲလှိုင်းဟုဆို

Photo - NUG
ပုံစာ - ယာယီသမ္မတဒူဝါလရှီးလ PDFတပ်များကို စစ်ဆေးနေပုံ။(ပုံဟောင်း)

By Hsu Yee/MPA

နွေဦးတော်လှန်ရေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထည့်ဝင်မြှုပ်နှံခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ဆင့်ကဲလှိုင်းတစ်ခုဖြစ်ကြောင်း NUGအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၇ ရက်) ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နွေဦးတော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၇ နှစ်လောက်ကတည်းက စတင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ် ရှားမှုရဲ့ အဆက်အဖြစ်လည်း ယူဆနိုင်ပါတယ်။ အဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြီးမားသော ထည့်ဝင်မှုကို ကာယကံမြောက် မြှုပ်နှံခဲ့တဲ့ နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျ‌နော်တို့ နွေဦး တော်လှန်ရေးခေါင်းဆောင်အားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကာယကံမြောက် ပေးဆပ် မြှုပ်နှံမှုတွေကို လေးနက်စွာ ဂုဏ် ပြုကြောင်း၊ လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးသက်သက် ပြော၍မရတော့သလို ဒီမိုကရေစီအရေးသက်သက်နှင့်လည်း တင်းတိမ်၍မရတော့ကြောင်း ဖယ်ဒရယ်အရေးကိစ္စများကိုပါ ထည့်သွင်းလုပ်ဆောင်နိုင်မှသာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အနာဂတ်‌လားရာကောင်းကို ဖန်တီးနိုင်မည် ဖြစ်ကြောင်းလည်း ပြောသည်။

“ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြောင်း ပြောဆိုရာမှာ ကျနော်တို့ နိုင်ငံတော် အ တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား/ ဖျောက်ထားလို့ မရပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ လေးစားအားကျတဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင် ခံထား လျက် ရှိပါတယ်။ ကျနော်တို့အားလုံးအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။ ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီခေါင်းဆောင်များ မတရားဖမ်းဆီး ထိန်း သိမ်းခံထားရချိန် ပါတီကို ဦးဆောင်နေတဲ့ တာဝန်ရှိသူများအနေနဲ့လည်း ဒီလိုခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလမှာ ပါတီကို စုစည်းအောင် လုပ်ဆောင်နိုင်တဲ့အတွက် နွေဦးတော်လှန်ရေး တစ်ခုလုံးအတွက် ခွန်အားဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟုလည်း ယာယီသမ္မတက ဆိုသည်။

NLDခေါင်းဆောင်များသည် စစ်အာဏာရှင်အဆက်ဆက်၏ နှိပ်စက်ညှင်းပန်းမှုတို့ကို စိတ်ဓာတ်သ တ္တိအပြည့်နှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီး အထူးသဖြင့် NLD သည် ပြည်သူ့ အကျိုးစီးပွားကိုသာ အစဉ်တစိုက် ရှေးရှုခဲ့ကြောင်း NLD အနေဖြင့် အကြမ်းမဖက်တော်လှန်ရေး လမ်းစဉ်တွင် မြဲမြံခဲ့သကဲ့သို့ ပြည်သူလူထု၏ သဘော‌ထားများကိုလည်း မည်သည့်အခါတွင်မှ လွန်ဆန်ခဲ့ခြင်း မရှိ‌ကြောင်းယခု နွေဦးတော်လှန်ရေးတွင်လည်း ပြည်သူလူထု၏ သဘောဆန္ဒကို လျစ်လျူရှုခြင်းမရှိဘဲ NLD ခေါင်းဆောင်များနှင့် ပါတီဝင်များသည် ကျရာအခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်နေကြောင်း ယာယီ သမ္မတက ဆိုသည်။

စာတည်း-ML