လမ်းပြ ၂ ဦးကို ရေးဘီလူး ဖမ်းမိပြီးနောက် စစ်ကြောင်း ရှေ့မတိုးရဲတော့ဘဲ ပြန်ခေါက်

ဓာတ်ပုံ-ရေးဘီလူး
ပုံစာ- တိုက်ပွဲဝင်ရေးဘီလူးရဲဘော်များ။

By Hsu Yee/MPA

မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်လမ်းပြ ၂ ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းမိပြီးနောက် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ရှေ့မတိုးရဲတော့ဘဲ ပြန်ခေါက်သွားကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ရေးမြို့နယ်၊ကျောင်းရွာမှ ရွာသစ်ရွာသို့ ဦးတည်ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းမှ လမ်းပြ ၂ ဦးအား စက်တင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် ရေးဘီလူးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယင်းစစ်ကြောင်းသည် ရွာသစ်ရွာသို့ ဆက်မတိုးဝံ့တော့ဘဲ စုံပတောက်လမ်းမှ တစ်ဆင့် တောင်စွန်းရွာသို့ လှည့်ပြန်သွားကြောင်း ရေဘီလူး တပ်ရင်းထံက သိရသည်။

“ဖုန်းတစ်လုံးနဲ့လမ်းပြ၂ယောက်ဖမ်းမိ။ရွာသားပါ။သူတို့(စစ်တပ်)ကိုအမြဲကူညီပုံရတယ်။သေချာစစ်မေးမှဖြေတာ အခင်းဖြစ်တဲ့ညက။ကျနော်တို့က လမ်းပြကို ည ၁၀ နာရီခွဲမှာ ဖမ်းလိုက်တယ်။ သူတို့က ညတွင်းချင်းကို ရွာသစ်ကို ထိုးမလို့ သူတို့က လမ်းမသိဘူးပေါ့နော်။လမ်းမသိဘူးဆိုတော့ ကျ‌နော်တို့က လမ်းပြကို ဖမ်းပြီးသွားတဲ့အချိန်မှာ သူတို့က လမ်းပြပြန်ရောက်မလာတော့ ရွာသစ်ကို ထိုးလို့မရဲတော့ ရွာသားတွေကို ဓားစာခံအနေနဲ့‌ပေါ့။ ကာဗာအနေနဲ့ခေါ်ပြီးတော့ စုံပလောက်လမ်း‌ကနေပြီး တောင်စွန်းကို ပြန်ဆင်းသွားတယ်”ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

အဆိုပါစစ်ကြောင်းသည် တောင်စွန်းရွာတွင် ခေတ္တနားပြီးနောက် စုံပတောက်ဘက်မှ တစ်ဆင့် စက်တင်ဘာ ၂၆ ရက် ညနေ၌ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ နှင့် ခမရ ၅၈၃ သို့ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် အဒိန်းနှင့် ဝရဟိုင်းရွာအနီး ဥယာဉ်ခြံများတွင် ရှိနေသည့် ပြည်သူ ၃၀ ဝန်းကျင်ကို စက်တင်ဘာ၂၅ရက်ညက ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့(စက်တင်ဘာ ၂၇ရက်) ညနေအထိ လူအနည်းငယ် ပြန်မလွတ်သေးကြောင်း သိရသည်။

“ဒေသခံတွေပြန်လွတ်လာပြီနော်။ ၃ ယောက်၊ ၄ ယောက်လောက်တော့ ကျန်သေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးရမိသည့် လမ်းပြ ၂ ဦးကို ရေးဘီလူးတပ်ရင်းက ထိန်းသိမ်းထားပြီး ပြန်မလွတ်သေးသည့် ပြည်သူများကိုလည်း ကျောင်းရွာအခြေစိုက် တပ်ရင်းထံတွင်သာ ရှိနေသေးသည်ဟုထင်ကြောင်း ၎င်းကဆိုသည်။

ကျောင်းရွာနှင့်ရေးလမ်းပိုင်းတွင် စစ်သားအင်အား ၁၀၀ ကျော်ဖြင့် ကင်းပုန်းများချထားကြောင်း လည်း သိရသည်။

ယင်းသို့ ရေးမြို့နယ်အတွင်း စစ်ကြောင်းများ ခြေရှုပ်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ လတ်တလောအချိန်အတွင်း မဖြစ်သေးပေ။

စာတည်း-ML