လမိုင်း ၁ရပ်ကွက် အုပ်ကြီး အိမ်ရှေ့တွင် သေနတ်နှင့် အပစ်ခံရပြီး ပွဲချင်းပြီး

By Ra Wai / MPA

မွန်ပြည်နယ်၊ရေးမြို့နယ်၊လမိုင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံ ရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

လမိုင်းမြို့၊အမှတ်၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ဦးနှင့် နောက်တစ်ဦးတို့သည် ယနေ့(စက်တင်ဘာ၂၈ ရက်)နံနက် ၈နာရီခွဲခန့်တွင် လမိုင်းဆွမ်းကြီးလောင်းပွဲမှ ကားဖြင့် ပြန်လာစဉ် အုပ်ချုပ်ရေးမှူး၏ အိမ် ရှေ့၌ ဆိုင်ကယ်သမားများက သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျော်ဦးမှာ ဦးခေါင်းကျည်သင့်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးထံက သိရသည်။

“ဆိုင်ကယ်နဲ့လူတွေက အနောက်ကနေ လိုက်လာတဲ့ပုံပဲ။ပြီးတော့ အုပ်ကြီးအိမ်ရောက်ရင် ကားရပ် မယ်ဆိုတာလည်း သိလို့ အနောက်ကလိုက်လာပြီး ဆော်ထည့်တာ။အုပ်ကြီးနဲ့ ပါလာတဲ့ နောက် တစ်ယောက်က တချို့ပြောတာတော့ ရာအိမ်မှူးလို့ ပြောတယ်။သူက လမိုင်းဆေးရုံရောက်နေတယ်။ ဒဏ်ရာက မများဘူးလို့ပြောတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားနှင့်ရဲတို့ ရောက်လာကာ လမ်းပိတ်ဆို့စစ်ဆေးခြင်းနှင့်မြို့အ ဝင်အထွက် တင်းကျပ်ခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း သေနတ်သမားများအား ဖမ်းဆီးမိသည်ဟု မကြားမိကြောင်း ၎င်းကဆိုသည်။

“ပစ်တဲ့လူတွေက ရမ်းသန်းလာတာမျိုးမဟုတ်ဘူး။ဆွမ်းကြီးလောင်းပွဲရှိတာလည်း သိတယ်။သွား မယ်ဆိုတာလည်း သိလို့။ပြီးတော့ လမ်းတွေလည်း သိတယ်ထင်တယ်။ပစ်ပြီးတော့ ဆိုင်ကယ်အေး ဆေးမောင်းသွားတာ၊ပြာယာခတ်မနေဘူးလို့ မြင်တဲ့သူတွေ ပြောတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးသည် စစ်သားများနှင့် ပုံမှန်ထက်ပိုသည့် အသွားအလာ၊အဆက်အ ဆံရှိသူဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် လမိုင်း-မော့ကနင်လမ်းနှင့် မော့ကနင်-ရေးလမ်းမပေါ်တွင် စစ်သားများ ခြေရှုပ်နေကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအား မည်သည့်အဖွဲ့ကပြုလုပ်သလဲဆိုသည်ကို ယနေ့မွန်းလွဲ ၃နာရီကျော်အထိ ထုတ်ပြန်ခြင်းမရှိပေ။

စာတည်း-ML