နတ်မောက်တွင် မိုးကြီး ရေလျှံ

ဓာတ်ပုံ-မီးသတ်ဦးစီးဌာန
ပုံစာ- နတ်မောက်မြို့ ရေဘေးသင့်ပြည်သူများကို ကယ်ထုတ်နေစဉ်။

By Hsu Yee/MPA

မကွေးတိုင်း ၊ နတ်မောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းရာမှ ယင်းချောင်းရေတိုးလာပြီး ရေကြီးနေကြောင်း သိရသည်။

နတ်မောက်မြို့ပေါ်ရှိ ဈေးရပ်ကွက်နှင့် အောင်ဆန်းရပ်ကွက်အတွင်းသို့ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင်း ယင်းချောင်းရေလျှံပြီး နေအိမ်များအတွင်းသို့ ယနေ့(စက်တင်ဘာ ၂၈ရက်)နံနက် ၇ နာရီဝန်းကျင်မှစတင်၍ ရေတက်လာသဖြင့် နတ်မောက်မြို့နယ် မီးမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

“ဘူတာ(ရွာ)နဲ့ ယင်း(ချောင်း)ဘေးကရွာတွေလည်း ရေဝင်လို့ ကုန်းမြင့်ပိုင်းလောက်ကိုရွှေ့နေကြတယ်ပြောတယ်။‌‌ယင်း(ချောင်း)ပတ်လည်ဆိုတော့ အနိမ့်ပိုင်းလည်းဖြစ်တော့ ရေတော့အပြည့်ပဲ။အခု‌တော့ရေတော့နည်းနည်းကျပါပြီ”ဟု ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် နတ်မောက်မြို့ခံတစ်ဦးက MPAသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းသဖြင့် ယင်းချောင်းရေတိုးရာမှယနေ့(စက်တင်ဘာ ၂၈)ရက် နံနက် ၂ နာရီခန့်တွင် မယ်ဇလီပင်ရွာရှိ ယင်းချောင်းရေတားသည့် မယ်ဇလီပင်ဆည်ကျိုးခဲ့ရာ ကျေးရွာအဝင် မြေနိမ့်ပိုင်းချောင်းအစပ်မှ အိမ်တစ်လုံးနှင့် ယင်းအိမ်နေ မိသားစုတစ်စု ရေစီးနှင့် မျောပါသွားကြောင်း သိရသည်။

“ဆည်အသေးစား မယ်ဇလီပင်ဆည်ကျိုးချိန်ညအိပ်ချိန်ဖြစ်တာကြောင့် အိမ်ရေထဲပါပြီး မိသားစုလိုက်မျောပါတာရှိ။မိသားစုတစ်စုရယ်၊ အိမ်တစ်အိမ်လောက်ပဲပါတယ်ကြားတာ။အထိအခိုက်တော့ အတိအကျမသိဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

မိသားစုလိုက် ရေစီးနှင့် မျောပါသွားခြင်းနှင့် ပတ်သက်ပြီး MPAအနေနှင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

မကွေးတိုင်းတွင် ၇ ရက်အတွင်း မိုးရေချိန် ၁ဒဿမ၅၇ လက်မမှ ၃ဒဿမ၅၄ လက်မခန့်အထိ ရွာသွန်းနိုင်ပြီး ယာယီမိုးသည်းထန်ခြင်းကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ယနေ့ မွန်းလွဲပိုင်း၌ ခန့်မှန်းထားသေးသည်။

စာတည်း-ML