သရက်ချောင်းတွင် အရက်မူးနေသည့်စစ်သား ခြေတစ်ဖက်ဖြတ်ထားသည့် အဘွားအား အဓမ္မကျင့်

ဓာတ်ပုံ - လူမှုကွန်ရက်

တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်တွင် အရက်မူးနေသည့် စစ်သားက အသက် ၇၅နှစ်အရွယ် ခြေတစ်ဖက်ဖြတ်ထားသည့် အဘွားအိုတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ မှစတင်၍ ဥတ္တူကျေးရွာသို့ ရောက်ရှိနေသည့် အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းမှ စစ်သားတစ်ဦးသည် စက်တင်ဘာ ၂၇ ရက်၊ ညနေ ၄ နာရီခန့်တွင် အရက်မူးပြီးနောက် ဆီးချိုရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရသည့် အဘွား ဥတ္တူကျေးရွာ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အဓမ္မပြုကျင့်ခဲ့‌ကြောင်း Daemocacry Movement Strike Committee – Dawei ထံက သိရသည်။

“ဒီအဘွားကတော့ အိမ်မှာပဲရှိနေတာပေါ့။မဖြစ်ခင် တစ်ရက်မှာလည်း ဒီအဓမ္မပြုကျင့်တဲ့ စစ်သားက အိမ်ကိုလာပြီးတော့ စကားလေးဘာလေး လာပြောသေးတယ်တဲ့။ဒီ‌နေ့ဘာဟင်းချက်လဲ၊ နေကောင်း ရဲ့လား ဘာညာပေါ့။ နောက်နေ့ ညနေ ၄ နာရီကျော်လောက်လည်းကျရော အရက်မူးပြီးတော့လာပြီး တော့ အခုလိုမျိုး ဘာမှမပြောမဆိုဘဲ လုပ်သွားတာ။ အဘွားကတော့ တောင်းပန်သေးတာပေါ့နော်။ အသက်အရွယ်လေးရှိနေသေးလို့ မလုပ်ပါနဲ့ဘာညာပြောတော့လည်း မရဘူးပေါ့နော်။ အခုလိုမျိုး ဖြစ်သွားတာ”ဟု အဓမ္မပြုကျင့်ခံခဲ့ရသည့် အဘွားအို၏ ပြောကြားချက်အရ သိရကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက MPA သို့ပြောသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့် အဘွားသည် နေအိမ်၌ ညီမနှင့် ၂ ဦးတည်းနေထိုင်ခြင်းဖြစ်ပြီး စစ်ကြောင်းဝင်လာပြီးနောက် ညီမဖြစ်သူ စစ်ရှောင်ထွက်သွားသဖြင့် တစ်ဦးတည်းကျန် ခဲ့ခြင်းဖြစ်သည်။

“တအားကြီး ဆေးကုသမှုလုပ်နိုင်တဲ့အနေအထားတော့ မရှိဘူး။အသက်ကြီးမှ အခုလိုကြုံရတဲ့အခါ ကျတော့ စိတ်ပိုင်းဆိုင်ရာတော့ တော်တော်ထိခိုက်နေတဲ့ အနေအထားပေါ့နော်။ရုပ်ပိုင်းဆိုင်ရာ ကုသမှုမလိုအပ်ရင်တောင် စိတ်ပိုင်းဆိုင်ရာ ကုသမှုတော့ လိုအပ်နေတဲ့အနေအထားဗျ”ဟု အဘွား၏ အခြေအနေနှင့် ပတ်သက်၍ ၎င်းကရှင်းပြသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက အဘွားအို၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လိုအပ်သည့် အကူအညီများ ပေးနေကြောင်း သိရသည်။

“အသက်ကြီးတဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။ဒုက္ခိတတစ်ယောက်လည်း ဖြစ်တာပေါ့။အဲ့လို အမျိုးသမီးတောင်မှ အောက်တန်းကျကျ မုဒိမ်းကျင့်တယ်ဆိုတဲ့ဟာက အကြမ်းဖက် စစ်တပ်ရဲ့ စရိုက်လက္ခဏာကို ဖော်ပြနေတဲ့ လုပ်ရပ်ပါ”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

၂၀၂၅ ခုနှစ် ဇွန်လအတွင်း လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာ၌ စစ်တပ် တပ်စွဲစဉ်ကလည်း စစ်သားတစ်ဦးက အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးကို ၂ ရက်အတွင်း ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့သေးကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် ညနေတွင် ယင်းစစ်ကြောင်းသည် ဥတ္တူရွာထဲမှ ထွက်သွားသော်လည်း စက်တင်ဘာ ၂၈ ရက် ညနေအထိ ဥတ္တူရွာ အနီးဝန်းကျင်၌ပင် ရှိနေသေးကြောင်း သိရသည်။