ဂန့်ဂေါပျူစောထီးရွာများကို ရိက္ခာပို့နေသည့်အထဲ ပကဖ၊ ပအဖ အဖွဲ့ဝင်များပါဝင်နေပါက တိကျသည့်အချက်အလက်ဖြင့် တိုင်ကြားနိုင်ဟုဆို

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မြောက်ခင်ရန်း ပျူရွာအဝင်အားတွေ့ရစဉ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများကို ရိက္ခာပို့ဆောင်ပေးနေသည့်အထဲတွင် ပကဖ၊ ပအဖနှင့် တော်လှန်ရေးအဖွဲ့ဝင်များ ပါဝင်နေပါက တိကျသည့်အချက်အလက်များဖြင့် တိုင်ကြားနိုင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံကပြောသည်။

ယခုလပိုင်းအတွင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ မြောက်ခင်ရန်း၊ ဟံသာဝတီစသည့် ပျူစောထီးကျေးရွာများသို့ ရိက္ခာပို့နေသည့်သတင်းများ ပြည်သူများအကြား ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လျက်ရှိပြီး ထိုသို့ပို့ဆောင်နေသည်မှာ တော်လှန်ရေးအဖွဲ့အစည်းများ၊ အဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ပတ်သက်နေသူများဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။

ထိုသို့ ဝေဖန်ပြောဆိုနေမှုများသည် တော်လှန်ရေးပုံရိပ်နှင့်ပတ်သက်၍သော်လည်းကောင်း ပကဖ၊ ပအဖပုံရိပ်နှင့်ပတ်သက်၍သော်လည်းကောင်း ထိုးချချင်သည့် ကောလဟာလပြောဆိုမှုများသာဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်ပကဖတာဝန်ခံ ကိုသားစိုးက MPAကိုပြောသည်။

” ကျတော်တို့လည်ပတ်တဲ့အသိုင်းအဝိုင်းကြားထဲမှာလည်း ပြောထားတဲ့စကားတွေရှိပါတယ်။ တိကျတဲ့သတင်းအချက်အလက်၊ တိကျတဲ့အထောက်အထားရှိရင် အချိန်မရွေးအ​ကြောင်းကြားပေးဖို့ ပြောထားတာရှိပါတယ်။ ပြည်သူတွေကြားထဲမှာရော၊ ကျန်တဲ့အဖွဲ့အစည်းတွေကြားထဲမှာရောပေါ့လေ။ ဒါပေမဲ့လည်း တိကျတဲ့သတင်းအချက်အလက်၊ တိကျတဲ့အနေအထားနဲ့ပြောလာတဲ့သူကတော့ အခုလက်ရှိထိ တစ်ဦးတစ်ယောက်မှ သတင်းပို့တာမျိုးတော့ မရှိသေးဘူးပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပျူစောထီးရွာများသို့ ရိက္ခာပို့သူအချို့အား ဂန့်ဂေါမြို့နယ်ပကဖအနေဖြင့် ဖမ်းဆီးရရှိထားမှုရှိပြီး အရေးယူဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးအဖွဲ့များ၏ သဘောတူဆန္ဒဖြင့် လုပ်ဆောင်သွားဖို့ရှိကြောင်း ကိုသားစိုးကပြောသည်။

ပျူစောထီးကျေးရွာများသို့ ရိက္ခာပို့ရာတွင် လူချင်းတွေ့၍ ပစ္စည်းပေးငွေယူလုပ်သည်များလည်းရှိပြီး တစ်ခါတရံ ညဘက်တွင်ရိက္ခာပစ္စည်းများကိုသယ်ယူ၍ ပျူစောထီးများနှင့် အချိန်းအချက်လုပ်ကာ K Pay၊ Waveပေးဖြင့် ငွေယူလုပ်ကြကြောင်း သိရသည်။

ယခုလပိုင်းတွင်မူ ရိက္ခာပစ္စည်းများကို ရေစိုခံအိတ်များ၊ ပလပ်စတစ်ပုံးများနှင့်ထုပ်ပိုး၍ မြစ်သာမြစ်အထက်ပိုင်းမှ မျှောကာ ပျူစောထီးကျေးရွာများသို့ ရောက်စေသောနည်းဖြင့် ပို့ဆောင်နေကြကြောင်း ဂန့်ဂေါမြို့နယ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

” တချို့တလေကျ မြောက်ခင်ရန်းထိရောက်တယ်။ တချို့တလေက မြစ်ထဲကငါးဖမ်းသမားတွေရတယ်ပြောတယ်။ အဲ့နား(ပျူရွာနား)က ရွှေဘို၊ တောင်ခင်ရန်းကတွေ ကန်၊ နှမ်းခါးဘက်ကတွေ၊ ပြီးတော့ မြစ်အရှေ့ဘက်ကမ်းရွာတွေကလည်း ပို့နေတယ်လို့သိရတယ် “ဟု ၎င်းကဆိုသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် မြောက်ခင်ရန်း၊ ကုက္ကား၊ အနောက်တောလေးရွာ၊ ဟံသာဝတီ၊ ကျောက်ပြုတ်၊ ကျောက်ဆည်၊ မန္တာ၊ ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်ဟူ၍ ပျူစောထီးရွာများ တစ်စုတစ်စည်းတည်း တည်ရှိနေပြီး ၎င်းကျေးရွာများကို တော်လှန်ရေးအဖွဲ့အစည်းများက ၂၀၂၃ ခုနှစ်မှစ၍ ကလေး၊ ဂန့်ဂေါနှစ်ဘက်လုံးမှ ဝိုင်းဝန်းပိတ်ဆို့၍ ရိက္ခာဖြတ်တောက်ထားခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်၂၀၂၄ခု၊ သြဂုတ်လအတွင်းတွင် ကလေးမြို့နယ်တောင်ပိုင်းမှ ဟံသာဝတီပျူစောထီးရွာဘက်သို့ ရိက္ခာပို့သည့် ပကဖအဖွဲ့ဝင်၄၀ဦးခန့်ကို CDF(KKG)က ရိက္ခာပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့သေးသည်။

” လွန်ခဲ့တဲ့ သုံးလေးလလောက်က ဆားတစ်ပိဿာ၆သိန်းလောက်ရှိတယ်လို့သိရတယ်။ အခုက ဆားတစ်ပိဿာကို ၂သောင်းလောက်ပဲရှိတော့တယ်ပြောတယ်။ ဆား၊ ဟင်းချိုမှုန့်စျေးတွေ ကျနေတယ်ဆိုတော့ ပို့တဲ့လူတွေရှိလို့ပေါ့”ဟု ၂၀၂၃ ခုနှစ်က မြောက်ခင်ရန်းပျူရွာမှ ထွက်ခွာလာခဲ့သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက MPAကိုပြောသည်။

ထိုသို့ပျူ​စောထီးကျေးရွာများသို့ ရိက္ခာပို့ဆောင်၍ စီးပွားရေးလုပ်နေသူများကို ဖမ်းဆီးကာထိရောက်စွာအရေးယူပေးရန် ဂန့်ဂေါမြို့နယ်ပြည်သူများက တောင်းဆိုမှုများရှိနေပြီး စစ်ကောင်စီအားတော်လှန်နေသည့်အချိန်တွင် အသားထဲကလောက်ထွက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုမှုများရှိနေသည်။